မော်လမြိုင်၊ ဒီဇင်ဘာ ၃၀

အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာမသေချာသေးဘူးလို့ ကမ္ဘာ့ဘဏ်အစီ ရင်ခံစာကို အခြေခံကာ သုတေသနအဖွဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေ ကောင်းဦးမှာ မဟုတ်သေးသလို ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အ ပါအဝင် ထုတ်လုပ်မှုကဏ္ဍတွေပါ နှေးကွေးကြန့်ကြာမှုတွေ ဆက်ဖြစ်နေတယ်လို့ သုံးသပ်တာပါ။

လက်ရှိအခြေအနေဟာ အာဏာမသိမ်းခင် ကိုဗစ်ကပ်ရောဂါကာလမတိုင်ခင်အချိန်က တိုးတက်မှုနှုန်းကို ပြန်ရောက်ဦးမှာမဟုတ်သလို ကိုဗစ်ကပ်ရောဂါမတိုင်ခင် စီးပွားရေးတိုးတက်မှု အခြေအနေ ပြန်မရောက်နိုင်သေးတဲ့ တစ်ခုတည်းသောနိုင်ငံဟာ မြန်မာနိုင်ငံပဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမှာ ပါဝင်တဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍဟာ ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းကျော် ရပ်တန့်သွားသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကလည်း ကော့ကရိတ်မြို့တိုက်ပွဲတွေကြောင့် တပိုင်တနိုင်လောက်သာ ကျန်ရှိတော့တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားတဲ့အတွက် စစ်ကောင်စီကရရှိမယ့် အခွန်အခတွေဆုံးရှုံးမှုတွေရှိလာမှာဖြစ်သလို ပထမရိုက်ခတ်မှုအနေနဲ့ ပြည်သူတွေ ကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ ကုန်ပစ္စည်းပြတ်တောက်မှုဒဏ်ကို အလူးအလိမ့်ခံရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထူးသဖြင့်ကတော့ ဒီအခြေခံပြည်သူလူထုအပေါ် ရိုက်ခတ်လာမယ့် အခက်အခဲတွေကတော့ အ များကြီးပဲ။ ဒီနယ်စပ်ကုန်သွယ်ရေး တန့်သွားတဲ့အတွက် နိုင်ငံခြားငွေနောက် ကုန်သွယ်မှုတန့်သွားတဲ့အတွက် အဲဒီကရတဲ့အခွန်အခတွေ ဘာတွေညာတွေကတော့ ရှုံးဆုံးမှုတွေရှိမှာပေါ့။ အဓိကပထမဦးဆုံး ရိုက်ခတ်မှာတော့ ပြည်သူလူထုကိုပဲ။ သိတဲ့အတိုင်းပဲ တရုတ်ကုန်၊ ထိုင်းကုန်အများဆုံးသုံးနေရတာ အဲဒီလမ်းကြောင်းပိတ်ပြီးဆိုရင်တော့ ဘယ်လိုမှသုံးစရာမရှိတော့ဘူးပေါ့။ ဆိုတော့အဲဒီဒေါ် လာဈေးတက်လို့ ကုန်ပစ္စည်းတက်တာအပြင် အဲဒီကုန်စည်စီးဆင်းမှုရပ်တန့်သွားလို့ ကုန်ပစ္စည်းပြတ်တာအပြင် အဲဒီဟာတွေ တော်တော်တော့ အလူးအလှိမ့်ခံနေရဦးမယ့် အခြေအနေရှိပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒေသတွင်းစီးပွားရေးတွေဟာ လုပ်ငန်းသစ်တွေ လုပ်ဆောင်နိုင်ဖို့ထက် ရှိပြီးသားလုပ်ငန်းတွေကို မနည်းလည်ပတ်နိုင်အောင် ကြိုးစားလုပ်ဆောင်နေရတဲ့ ကာလဖြစ်တာကြောင့် ကုန်ကြမ်းပစ္စည်းတွေ မဝင်ရောက်တော့ပါက လုပ်ငန်းတွေပါ ရပ်နားလာရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ အထွေထွေအကျပ်းအတည်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့စီးပွားရေးဟာ တိုင်းပြည်မတည်ငြိမ်မှုပြဿနာနဲ့အတူ ဘက်ပေါင်းစုံအခက်အခဲတွေကြောင့် နာလန်ထူနိုင်ဦးမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တိုင်းပြည်စီးပွားရေးကလည်း ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ဆိုရင် အရောင်းအဝယ်တွေ သွက်နေပြီးလေ။ အခုကျတော့ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ကျားဖျန့်တွေဖမ်းတာတို့ ဘာတို့ဆိုရင် ဒီထဲမှာလှည့်ပတ်တဲ့ ငွေကြေးပေါ့။ ကိုယ်တို့နိုင်ငံမှာ လှည့်ပတ်တဲ့ငွေကြေး တော်တော်များများက ဘယ်ရောက်ကုန်မှန်းမသိဘူး ပျောက်ကုန်တယ်။ ပြီးခဲ့တဲ့နှစ်တွေဆိုလို့ရှိရင် အိမ်အရောင်းအဝယ်တွေ ရှိတယ်။ မြေအရောင်းအဝယ်တွေ ရှိတယ်။ စီးပွားရေးအရ အထိုက်အလျောက်ဖြစ်တယ်။ ပြောင်းတွေပို့နေရပြီ။ အခုက ငါတို့ရဲ့စိုက်ပျိုးတဲ့ပစ္စည်းတွေ ဘာမှပို့စရာမရှိဘူးကွာ။ ပြည်ပပို့ကုန်တွေ ဘာမှမရှိဘူး။ အကုန်လုံးက သွင်းကုန်တွေပဲများနေတယ်။ သွင်းကုန်နဲ့ ထွက်ကုန်ညီမျှနေရမှာလေ။ သွင်း ကုန်နဲ့ထွက်ကုန် ဘာမှမညီမျှဘူး။ နောက်တစ်နှစ်လောက် စောင့်ကြည့်လိုက် ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။ ပြည်သူတွေစီးပွားရေးက အကုန်လုံးကကျနေတာ၊ ဒီပုံစံအတိုင်းဆက်သွားရင် တိုင်းပြည်က မြန်မာပြည်တောင်မှဘဲ မြေပုံတစ်ခြမ်းလောက်က ပျောက်နေတာ တိုင်းပြည်စီးပွားရေးက ဘယ်လို လုပ် နာလန်ထူတော့မှာလဲ”လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေးကျဆင်းလာမှုနဲ့အတူ မြန်မာ့ငွေတန်ဖိုးကျဆင်းမှုဂယက် ကြီးမားနေပြီး အာဏာ သိမ်း ၃ နှစ်နီးပါးကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ၆၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ လန်ဒန်အခြေစိုက် စီးပွားရေးထောက်လှမ်းရေးအဖွဲ့ EIU က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ မြင့်မားလာတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်တွေ၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ စည်းမျဉ်းတွေအပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်တွေအပေါ် ပိုပြီးဖိစီးနေမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းညွှန်းကိန်းတွေဟာ ၂၀၂၃ ခုနှစ်မှာ ပိုဆိုးလာပြီး ၅၆ ရာခိုင်နှုန်း လည်ပတ်နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မတ်လလောက်မှစတင်ပြီး လည်ပတ်နိုင်စွမ်း ၁၆ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

နိုင်ငံတကာ အစားအသောက်မူဝါဒ သုတေသနဌာန IFPRI က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာ နိုင်ငံရဲ့ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းဟာ အရင်ကထက် ဝင်ငွေကျဆင်းနေသလို စီးပွားရေးအခြေအ နေတွေ ပိုဆိုးလာကာ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.