နမ္မတူ ၊ ဒီဇင်ဘာ ၂၈
ညီနောက်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့်ပြီးချိန်မှာ ရှမ်းမြောက်ရှိ နမ့်ဆန်၊နမ့်ခမ်း၊မန်တုံ မိုင်းလုံးနဲ့ နမ္မတူမြို့ တို့ကို တအာင်းတပ်မတော် TNLA က အလုံးစုံသိမ်းပိုက်လာနိုင်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နမ္မတူမြို့ကို တအာင်းတပ်မတော် TNLA က လေးရက်အတွင်း တိုက်ခိုက်ခဲ့ရာကနေ အခုချိန်မှာ ပူပူနွေးနွေး သိမ်းပိုက်ရရှိထားပြီး ရှမ်းမြောက်ရှိ သိမ်းပိုက်ထားတဲ့ မြို့တွေထဲက ပဥ္စမမြောက်မြို့ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ နမ္မတူမြို့ ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းတွေကို TNLA က ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အလုံးစုံဝင်ရောက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာလို့ TNLA က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ – ၃၂၄ ဗျူဟာကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့ မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာပါ။
နမ္မတူမြို့ စခန်းသိမ်းတိုက်ပွဲ ၄ ရက်တာအတွင်း စစ်ကောင်စီတပ်ကနေလေကြောင်းတိုက်ခိုက်မှုပေါင်း ၆၁ ကြိမ်၊ ဗုံးကြဲချမှုပေါင်း ၂၁၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၉၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်တွေအပါအဝင် လူနေအိမ် ၇ လုံး လက်နက်ကြီးနဲ့လေယာဥ်ဗုံးစ ထိမှန်ပျက်စီးသလို လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
TNLA ထုတ်ပြန်ချက်အရတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA