လောင်းလုံး၊ ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်း၊ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လောင်းလုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေလှုပ်ရှားမှု အားကောင်းတဲ့ သဗြာ၊ စပ် ပြဲအပါအဝင် ဝေဒီကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအချို့မှာ ကင်းပုန်းဝပ်တာတွေရှိနေ တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“တစ်ယောက်မှမရှိတော့ဘူး။ နေလို့လည်း မရဲတော့ဘူး။ ကျွန်တော်တို့ ရွာဆို ခြောက်ကပ်နေပြီ၊ တစ်ယောက်မှ မရှိတော့ဘူး ” လို့ စစ်ပြဲကျေးရွာဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သတိပေး ထားပါတယ်။

ကျေးရွာတွေထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မြို့တွင်းမှာလည်း လုံခြုံရေးအင်အား အများအပြား တိုးမြှင့်ထားသလို ဘန်ကာတွေလည်း အခိုင်အမာ တည်ဆောက်လာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လောင်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ လောင်းလုံမြို့နယ် သဗျာကျေးရွာရှိ မီးသတ်ဌာန တစ်ခုလုံး ထားဝယ်မြို့ကို ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.