ရေး၊ ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ကျောင်းရွာကျေးရွာအနီးဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်း လိုက်လံစုံစမ်းတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသိန်းငှက်အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အရပ်ဝတ်ဝတ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ သတင်းလိုက်လံ စုံစမ်းနေတဲ့ စစ်ကောင်စီတပ်သား နိုင်လင်းကို ရေးသိန်းငှက်အဖွဲ့က ကျောင်းရွာလမ်းပိုင်းမှာ ပိတ်ဆို့စစ်ဆေး နေစဉ် ဖမ်းဆီးရမိခဲ့တာပါ။

လတ်တလော စစ်ဆေးမှုတွေအရ အသက် ၂၈ အရွယ် တပ်သားနိုင်လင်းဟာ ရေးမြို့နယ်ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းက ဖြစ်တယ်လို့ ရေးသိန်းငှက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။

ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး တပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအရ အရေးယူသွားဖို့ ရှိနေတယ်လို့ ရေးသိန်းငှက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

တပ်သားနိုင်လင်းဟာ စစ်ကောင်စီတပ်မှာ တာဝန်ထမ်းဆောင်တာ နှစ်နှစ်နီးပါးသာ ရှိသေးပြီး စစ်ကောင်စီတပ် ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သတင်းတွေ စုံစမ်းဖို့ စစ်လွှတ်ခဲ့တာလို့ သိရပါတယ်။

ရေးသိန်းငှက်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ရေးမြို့နယ် ကြိုးတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးသိန်းငှက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.