ဘန်ကောက်၊ ဒီဇင်ဘာ ၂၆

စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေဖြစ်ပွားပြီးနောက် ဇနီးနဲ့သားဖြစ်သူကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားစီးပွားရေးသမားတစ်ဦးနဲ့ အပေါင်းအပါ ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းမှုခင်းနှိမ်နင်းရေးဌာနခွဲ CSD ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က သံသယတရားခံ ၃ ဦးကို ဖမ်းဆီးပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ယာယီထိန်းသိမ်းထားဖို့ ရုံးတော်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သေနတ်သမားဟာ ငွေပေးချေမှုကို တလုံးတခဲတည်းမရရှိတဲ့အတွက် ကျေနပ်မှုမရှိတာကြောင့် မစ္စတာချန်ရဲ့ သားဖြစ်သူ ဂျိမ်းစ်ကို အသက်အန္တရာယ်ခြိမ်းခြောက်လာတဲ့အတွက် ဂျိမ်းစ်က မှုခင်းနှိမ်နင်းရေးဌာနခွဲမှာ အကူအညီတောင်းခံခဲ့တာပါ။

လက်ရှိမှာတော့ ထိုင်ဝမ်စီးပွားရေးမား မစ္စတာချန်အပါအဝင် သံသယတရားခံ ၃ ဦးရဲ့ အယူခံကို ရုံးတော်က ပယ်ချထားပြီး သူတို့တွေကို ဘန်ကောက်အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ထိုင်းမှုခင်းနှိမ်နင်းရေးအဖွဲ့တွေဟာ သံသယတရားခံ ၃ ဦးကိုဖမ်းဆီးဖို့ အဖွဲ့ ၈ ဖွဲ့ခွဲပြီး၊ဘန်ကောက်၊စမွတ်ပရာကန်နဲ့ ချွန်ဘူရီမြို့တွေမှာ နေရာ ၈ နေရာခွဲပြီး ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူဟာ သူ့ရဲ့ ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံသား တစ်ဦးနဲ့ ပူးပေါင်းပြီး သူတို့ သားအမိကို သတ်ဖြတ်ဖို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ဂျိမ်းစ်က ဆိုခဲ့ပြီး လက်ရှိမှာတော့ သူ့မိခင်ကို ထိုင်ဝမ်မှာ သွားရောက်နေခိုင်းထားရတယ်လို့ သူကပြောပါတယ်။

ပြည်ပတင်ပို့တဲ့ လျှပ်စစ်ပစ္စည်းကုမ္ပဏီကို မစ္စတာချန်ဟာ ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့သားဖြစ်သူနဲ့ ဇနီတို့ ကုမ္ပဏီဒါရိုက်တာ ဘုတ်အဖွဲ့ကိုဝင်ရောက်လာပြီနောက် ငွေကြေး အများအပြား လုယူသွားကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မစ္စတာဂျိမ်းစ်ကတော့ ဖခင်ဖြစ်သူကို ကုမ္ပဏီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားဖို့ကြိုးစားနေပြီး တရားစွဲဆိုမှု အကြိမ် ၂၀ ထိပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် မစ္စတာချန်ရဲ့ ကုမ္ပဏီဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံသားဟာ ဂျိမ်းစ်ကို လုပ်ကြံမယ့် လူတစုကို ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားကြပါတယ်။

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင် မစ္စတာချန်နဲ့ ကုမ္ပဏီဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံသားတို့ဟာ တတိယမြောက် တရားခံဖြစ်တဲ့ ထိုင်းရေတပ်အရာရှိဟောင်းကို ချိတ်ဆက်ခဲ့ကြတာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ရဲတပ်သားတစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်တစ်သက် ချမှတ်ခံထားရပေမယ့် ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

Ref – The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.