အရာတော်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ အ‌‌ရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG က ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်‌နေ့မှစပြီး ရဲနဲ့ စစ်ကောင်စီတပ်သား ၃၂ ဦးခန့်ဖြင့် တပ်စွဲထားတဲ့ နောင်ကြီးအိုင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ် ဆို့ပြီး နေ့ညမပျက် တိုက်တိုက်ခဲ့သလို ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစု‌တွေရဲ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်ကောင်စီတပ်သား ၁၈ ခန့် သေဆုံးသလို စစ်ရေးဖိအားကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ် (ပကဖ) တိုက်နယ် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈ တာဝန်ခံတွေနဲ့ ရဲဘော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း ၆၊ ၁၈၊ ၁၉၊ ၂၄၊ ၂၆ မှရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်သားတွေ အခြေချတပ်စွဲလာပြီး ကျေးရွာတွေကို မီးရှို့ခြင်း၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.