သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ခံရသူ ၁၀ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းကို ဖမ်ဆီးရမိပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက် စပ်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့တာပါ။

အဲဒီထဲက ဖမ်းဆီးခံသံဖြူဇရပ်ဒေသခံတွေဖြစ်တဲ့ ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးမုန်းနဲ့ ဦးချမ်းမွန်တို့ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥ ပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ သံဖြူဇရပ်ရဲစခန်းမှာ ထပ်မံအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ထပ်မံဖမ်းဆီးအမှုဖွင့်ခဲ့တဲ့ ဒေသခံ ၄ ဦးဟာ PDF တွေထံ ငွေကြေး၊ ရိက္ခာ၊ ဆေးဝါးတွေ ထောက်ပံ့သူတွေဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်း ဆီးအမှုဖွင့်ခဲ့တာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုအပါအဝင် ၃ ဦး၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကိုဝင်လင်းစိုးအပါအဝင် ဒေသခံ ၃ ဦးကို အခုလို အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတာပါ။

စစ်ကောင်စီစွဲဆိုထားတဲ့ ပုဒ်မတွေအရ ဖမ်းဆီးခံသံဖြူဇရပ်ဒေသခံ ၁၀ ဦးဟာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ကနေ ထောင်အနှစ် ၂၀ အထိပြစ်ဒဏ်ချမှတ်ခံရနိုင်သလို နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေပါ ချိပ်ပိတ်သိမ်းဆည်းခံရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ သံဖြူဇရပ်မြို့အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထားသူ ၆၀ ထက်မနည်းရှိနေပြီး အဲဒီထဲက သံဖြူဇရပ်မြို့ ပကဖအဖွဲ့ဝင် ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ဟာ စစ်ကောင်စီရဲ့ ဝဲကလိစစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.