လောက်ကိုင်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်သုံးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကနေ လေ ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာသလို အရပ်သားနေအိမ်နဲ့ လူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ MNDAA နဲ့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကိုးကန့်ဒေသထဲက လောက်ကိုင်မြို့အနီးတဝိုက်ရှိ လောက်ရှမ့်ထန်အပါအဝင် တအာင်းဒေသက မန်တုံမြို့၊ ကွတ်ခိုင်မြို့တွင်းနဲ့ အနီးတဝိုက်မှာ လေ ကြောင်းတိုက်ခိုက်မှု ၂၇၅ ကြိမ် ထက်မနည်းရှိခဲ့တာပါ။

MNDAA ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေကစပြီး စစ်ကောင်စီတပ်က ကိုးကန့် လောက်ရှမ့်ထန်နေရာရှိ MNDAA ရဲ့ ခံတပ်ကို ထိုးစစ်စစ်တိုက်ခိုက်လာပြီးနောက်ပိုင်း ကိုးကန့်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့ တွေ တိုက်ပွဲထပ်မံဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကလည်း ပိုမိုပြင်းထန်လာပြီး ဒီဇင် ဘာ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ၄ ရက်တာအတွင်း စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက် ခိုက်မှုကြိမ်ရေ ၅၀ နီးပါးရှိခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကနေ ကိုးကန့်ဒေသအတွင်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ နေရာတွေထဲမှာ ကိုးကန့် လောက်ရှမ့်ထန် နယ်ခြားစောင့်တပ် အနီးတစ်ဝိုက်အပါအဝင် လောက်ကိုင် (၃၁၁) ငြိမ်းချမ်းရေးကွင်းအပြင် အခြားသော လောက်ကိုင်မြို့ အနီးတဝိုက် နေရာတွေလည်း ပါပါတယ်။

အခုလို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း နေအိမ်ရပ်ကွက်တွေကိုလည်း ဦး တည်ပစ်မှတ်ဖြစ်လာခဲ့ပြီး လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်ရပ်ကွက် ဖျက်ဆီးခံရမှုနဲ့ လူသေဆုံးမှုတွေကိုတော့ လတ်တလောမှာ စာရင်းမတွက်ချက်နိုင်သေးဘူးလို့ MNDAA က ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသအတွင်း ထိခိုက်ပျက်စီးမှုတွေအပါအဝင် တိုက်ပွဲအခြေအနေတွေ သိရှိနိုင်ဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းထံ ဆက်သွယ်ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

တအာင်းဒေသမှာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အကြိမ်ရေ ၂၂၀ ကျော် အပါအဝင် လက်နက်ကြီးနဲ့ ကြိမ်ရေရာကျော် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် မန်တုံမြို့တွင်းနဲ့ အနီးတဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လွယ်ကန်ကျေးရွာ၊ မန်တုံမြို့နဲ့ဒုက္ခသည်စခန်းရှိ မီးတိုင်တွေကျိုးကျပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံနေအိမ် ၁၅ လုံး ထိ ခိုက်ပျက်စီးသွားခဲ့တဲ့အပြင် မြို့ခံအမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၃ နာရီမှာစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် လွယ်ပယ်စုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အ ရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မန်တုံမြို့ရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းခလရ-၁၃၀ တပ်စခန်းကို တအာင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီမှာ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှာလည်း ညနေ ၃ နာရီမှာ အလားတူ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီကတော့ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဖြေကြားမှုတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ပိုင်း ဒီကနေ့အထိ သတင်းစာအပါအဝင် လူမှုကွန်ရက်တွေမှာ ဖော်ပြတာမရှိတော့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.