မော်လမြိုင်၊ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေ ဘေးကင်းဖို့အတွက် အသံမစဲပဋ္ဌာန်းပွဲကို ၁၈ ရက်ကြာ ပြုလုပ်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

အဲဒီအသံမစဲပဋ္ဌာန်းပွဲကို ကနဦးမှာ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှာပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သံဃာတော်တွေ လက်မခံတာကြောင့် ကျိုက်သလ္လံစေတီတော်ရင် ပြင်သို့ ပြောင်းရွှေ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပတဲ့ အသံမစဲပဋ္ဌာန်းပွဲဟာ ၁၈ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ကိုးဂဏန်းကြိုက်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယ တြာအစီအမံတစ်ခုလည်း ဖြစ်တယ်လို့ တပ်တွင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီအသံမစဲပဋ္ဌာန်းပွဲဟာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးများလာတာ၊ လက်နက်ချအညံ့ခံတာ၊ အလင်းဝင်တာ၊ တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာမှာကို စိုးရိမ်တာနဲ့ ရှေ့တန်းက စစ်သားတွေ ဘေးကင်းဖို့ လုပ်ဆောင်တာလို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိကျိုက်သလ္လံစေတီတော်ရင်ပြင်မှာ ကျင်းပနေတဲ့ အသံမစဲပဋ္ဌာန်းပွဲတွေကို တခြားစေတီတော်တွေမှာ ကျင်းပဖို့ စီစဉ်တာတွေရှိနေသလို ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပြီး ဆုတောင်းပေးကြဖို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ်က တိုက်တွန်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလအတွင်းမှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အပါအဝင် မော်လမြိုင်မြို့ရှိ စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေနေထိုင်တဲ့ ဝန်ကြီးများအိမ်ရာကိုလည်း တော်လှန်ရေးအင်အားစုပူး ပေါင်းအဖွဲ့တွေက ဒရုန်းနဲ့နှစ်ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းအပါအဝင် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ရပ်ကွက်တွေအတွင်း ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

လက်ရှိမှာတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်နေရတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ များနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.