မော်လမြိုင်၊ ဒီဇင်ဘာ ၂၄

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အခုဒီ ဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့အလင်းဝင်မှု ပိုမိုများပြားလာတယ်လို့ CDM အသိုင်းအဝိုင်း ကနေ သိရပါတယ်။

တပ်အင်အားပြုန်းတီမှုနဲ့အတူ စိတ်ဓာတ်ရေးရာ အကြီးအကျယ် ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးများလာတာ၊ စစ်ကောင်စီဘက်က ရိက္ခာနဲ့လက်နက်ခဲယမ်းတွေအပြင် စစ်ကူပေးနိုင်တော့တဲ့အတွက် လက်နက်နဲ့အလင်းဝင်မှုတွေ မြင့်တက်လာတာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အ မှတ်(၁၀၂) ခြေမြန်တပ်ရင်းကနေ ဗိုလ်ကြီးကျော်ဗိုလ်ဗိုလ်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံ လက်နက်နဲ့အလင်းဝင်ခဲ့ပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ အခုလအတွင်း ရန်ကုန်နဲ့နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း တော်လှန်ရေးအင်အားစုတွေထံ လက်နက်နဲ့အလင်းဝင်မှုတွေ ရှိလာခဲ့တာပါ။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အလင်းဝင်မှုတွေဟာ စစ်ရေးအရ ဖိအားပေးခံရတဲ့ ဒေသတွေနဲ့ ဌာနချုပ်တပ်ရင်းတွေထံပြန်ဖို့ ခက်ခဲတဲ့ဒေသက အများဆုံးပါဝင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“၁၀၂၇ နောက်ပိုင်းမှာ လက်နက်ချပြီးတော့အလင်းဝင်တာတွေ ပိုများလာတယ်ပေါ့နော်။ အရင်တုန်းကလိုမျိုးထက် တစ်ယောက်စ၊ နှစ်ယောက်စ ဝင်တာတွေမဟုတ်တော့ပဲနဲ့ တပ်ဖွဲ့လိုက်လက်နက်ချတာတို့၊ စခန်းလိုက်လက်နက်ချတာတို့ပေါ့နော်။ ဒါအများကြီးကို တွေ့လာတယ်။ ဒီရှမ်းမြောက်လို ဒေသမျိုးတွေမှာ တွေ့ရတယ်။ အထူးသဖြင့် သူတို့ကို စစ်ရေးဖိအားအများဆုံးပေးရတယ်။ သူတို့တပ်ဖွဲ့တွေနဲ့ တစ်နေရာနဲ့တစ်နေရာ ပြန် လည်ဆုတ်ခွာဖို့အတွက် အခက်အခဲရှိတယ်ပေါ့နော်။ သူတို့ရှေ့တန်းနေရာနဲ့ တာဝန်ထမ်းဆောင်တဲ့နေရာနဲ့ ဒီနောက်တန်းဌာနချုပ်နေရာမျိုးကို ပြန်ဖို့အခက်အခဲရှိတဲ့ နေရာမျိုးတွေပဲဖြစ်ဖြစ်ပေ့ါနော်။ နောက်ပြီးတော့ နောက်တန်းဌာနချုပ်လိုဟာမျိုးဆိုလည်း အရမ်းဝေးလံခေါင်ဖျားပြီးတော့ ဒီလိုမျိုး မြို့ကြီးပြကြီးတွေကို ပြန်ပြီးတော့ပေါ့နော်။ သူတို့ရဲ့ကွပ်ကဲမှုရှိတဲ့နေရာမျိုးတွေကို သွားဖို့ခက်ခဲတဲ့နေရာမျိုးတွေပေ့ါနော်။ အဲဒီလိုမျိုးနေရာ မျိုးတွေဆိုရင် ပိုပြီးတော့တွေ့ရပါတယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေးနဲ့အတူ နိုင်ငံတဝန်း ဟန်ချက်ညီ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ထက်မနည်း လက်နက်ချ အလင်းဝင်မှုတွေ ရှိခဲ့တာပါ။

အဲဒီထဲမှာ မြန်မာစစ်တပ် သမိုင်းတဆစ်ချိုးပြောင်းလဲပစ်လိုက်တဲ့ တပ်ရင်းနှစ်ရင်း လက်နက်ချအ လင်းဝင်မှုတွေ ရှိလာသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရာချီ လက်နက်ချအညံ့ခံတဲ့အထိ ဖြစ်ပေါ်လာပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးများလာတာနဲ့ လက်နက်ချအလင်းဝင်မှုတွေကြောင့် အင်အားချိနဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ပြေးတွေ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားတဲ့သူတွေကိုပါ ပြန် လည်လက်ခံနေရတဲ့အထိ အခြေအနေဆိုးလာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ စစ်ကောင် စီတပ်ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာထားပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူကတော့ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်မှာ အ ရေအတွက်အရရော အရည်အချင်းအရပါ အများကြီး လျှော့ကျနေပြီဖြစ်တဲ့အတွက် မြန်မာစစ်တပ်စပြီး ပြိုကွဲနေပြီလို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.