မော်လမြိုင် -​ ဒီဇင်ဘာ ၂၄

အာဏာသိမ်းစစ်ကောင်စီကို အကျိုးပြုနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ကို ဖျက်သိမ်းလိုက်တယ်လို့ NUG အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

UMFCCI ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ငွေကြေး ထောက်ပံ့ကူညီတာ၊ပူးပေါင်းဆောင်ရွက်တာတွေ လုပ်နေတယ်လို့ NUG က ဆိုထားတာပါ။

ဒါ့အပြင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ရိုက် ကျူးလွန်တာနဲ့ စစ်ကောင်စီတပ်ကို နည်းအမျိုးမျိုးနဲ့ အကျိုးပြုနေတာတွေကို NUG ဘက်က တွေ့ရှိရတဲ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (Federation of Chambers of Commerce and Industry, the Republic of the Union of Myanmar)ကို ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ဒီအမိန့်ထုတ်ပြန်တဲ့ နေ့ကစပြီး UMFCCI ရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်း မပြုဖို့ တားမြစ်လိုက်တယ်လို့ အသိပေးထားပါတယ်။

NUG အစိုးရ ဖျက်သိမ်းထားတဲ့ UMFCCI အဖွဲ့အစည်းမှာ ဆက်လက်ပါဝင်လုပ်ကိုင်တာ၊ ပူးပေါင်း လုပ်ဆောင်တာ၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ဆက်လက်သုံးစွဲတာ၊ အဖွဲ့အစည်းရဲ့ အမည်နဲ့ ဆက်လက်ဆောင်ရွက်တာတွေပြုလုပ်တဲ့ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီကို ထောက်ပံ့ ကူညီနေသူတွေအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊နည်းဥပဒေတွေနဲ့အညီအရေး ယူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဟာ စီးပွားရေးဆိုင်ရာအဖွဲ့ အစည်း တခုအဖြစ် အများပြည်သူအကျိုးကို ဦးစားပေးဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ NUG က ဆိုထားပါတယ်။

လက်ရှိမှာတော့ UMFCCI ရဲ့စီမံခန့်ခွဲရေး ကော်မတီဝင်တွေအဖြစ် ဦးအေးဝင်းက ဥက္ကဋ္ဌ တာဝန်ယူ ထားပြီး အဖွဲ့ဝင် ၂၀ ဦးအထိပါဝင်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် အနေနဲ့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး UMFCCI ရုံးနဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးသာ တို့ကို ဖုန်းနဲ့ ၅ ကြိမ်စီထက်မနည်း ဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – UMFCCI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.