ချင်းမိုင်၊ ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ချင်းမိုင်အိမ်ခြံမြေဈေး ကွက်အတွင်း ဝင်ရောက်လာကြပြီး တရုတ်လူမျိုးတွေရဲ့ လိုလားချက်နဲ့ ကိုက်ညီမယ့် အိမ်ရာစီမံကိန်းတွေကို တည်ဆောက်လာကြပါတယ်။

ဟန်ဒေါင်နဲ့ ဆမ်ကမ်ဖဲ ခရိုင်တွေမှာ တရုတ်လူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းနေထိုင်တဲ့ ရွာတွေထွက် ပေါ်လာပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတွေ များပြားလာတာကြောင့် အမည်စာရင်းမှတ်ပုံတင်နိုင်ဖို့ ထိုင်းအမည်ခံ ကုမ္ပဏီတွေလည်း ထွက်ပေါ်လာပါတယ်။

ချင်းမိုင်အုပ်ချုပ်ရေးအဖွဲ့က အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ စုံစမ်းစစ်ဆေးရေးအတွက် သက်ဆိုင်ရာအရာရှိတွေကို ညွှန်ကြားထားသလို အမည်ခံသဘောဆောင်ကာ လည်ပတ်နေတဲ့ စီမံကိန်းတွေကိုလည်း ချိပ်ပိတ်ပြီး လေလံဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းမြေယာဥပဒေ ၁ ကို ချိုးဖောက်တဲ့ အိမ်ရာစီမံကိန်း ၂ ခုကိုလည်း အာဏာပိုင်တွေက ရှာဖွေတွေ့ရှိထားပြီး အဲဒီကုမ္ပဏီတွေဟာ တရုတ်နိုင်ငံသားကိုယ်စား အမည်ခံဆောင်ရွက်ထားတာ ဖြစ်ပြီး အဲဒီကတဆင့် တရုတ်နိုင်ငံသားတွေဟာ ချင်းမိုင်မှာ ဥပဒေအရ အဆောက်အအုံနဲ့ မြေယာပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်သလို ထိုင်းနိုင်ငံသားတွေကိုလည်း အစုရှယ်ယာပါဝင်ဖို့ ဖွင့်လှစ်ပေး ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ချင်းမိုင်မြို့ရဲ့ မြေယာမှတ်ပုံတင်ဦးစီးဌာနကတော့ ထိုင်းနိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်နေသလို နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်ခွင့်မရှိစေဖို့ တားမြစ်တဲ့ဥပဒေကို အထူးကြပ်မတ်ဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

အဲဒီစုံစမ်းစစ်ဆေးမှုတွေမှာ Rak Chiang Mai ဒါမှမဟုတ် ICM အပန်းဖြေရိပ်သာ စီမံကိန်း လည်းပါဝင်ပြီး အဲဒီနေရာကို ချင်းမိုင်အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၃ ခုမှစ် ဇူလိုင်လ ၄ ရက်နေ့ကစပြီး ရက်ပေါင်း ၁၈၀ အတွင်း အိမ် ၈ လုံးနဲ့ မြေကွက်တွေ ရောင်းထုတ်ဖို့ အမိန့်ပေးထားပါတယ်။

အာဏာပိုင်တွေက ဝယ်ယူသူတွေနဲ့ လွှဲပြောင်းပေးအပ်သူတွေဟာလည်း နိုင်ငံခြားသား ဟုတ် မဟုတ်ကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာ မြေယာဝယ်ပူပိုင်ခွင့်မရှိပေမယ့် ကွန်ဒိုနဲ့ တိုက်ခန်းတွေကို ဝယ်ယူပိုင်ခွင့်ရှိပြီး မြေယာပိုင်ဆိုင်ခွင့်ကို အနည်းဆုံး ထိုင်းနိုင်ငံသား ၅၁ ရာခိုင်နှုန်း ရှယ်ယာ ပါဝင်မှုနဲ့ တရားဝင်လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေက တဆင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

Ref -Khaosod English, Thai Land Law

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.