ကော့ကရိတ်၊ ဒီဇင်ဘာ ၂၃
ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင် တပ်မဟာ ၇ နယ် မြေထဲ တိမ်းရှောင်ရောက်ရှိလာတဲ့ စစ်ရှောင် ၁၀၀၀၀ ကျော်ကို ထောက်ပံ့ကူညီပေးမှုတွေ လုပ် ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ပေါ်မှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ် ခတ်ခဲ့တာကြောင့် မြို့ခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
ဒီဇင်ဘာလ လဝက်အတွင်း ကောက်ယူထားတဲ့ စာရင်းတွေအရ ကော့ကရိတ်တိုက်ပွဲကြောင့် KNU ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေဖြစ်တဲ့ နဘူးမြို့နယ်မှာ စစ်ရှောင်လာတဲ့ ပြည်သူဦးရေ ၄၅၀၀ နီးပါး၊ ဦး၊ ဒုံရင်းမြို့နယ်မှာ ၃၅၀၀ ကျော်၊ ပိုင်ကျုံမြို့နယ်ထဲမှာ ၂၇၀၀ နီးပါး စုစုပေါင်း ၁၀၀၀၀ ကျော် ရှိခဲ့ပြီး စစ်ဘေးရှောင်တွေရှိရာကို ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ C.I.D.K.P ဗဟိုနဲ့ ဘားအံခရိုင်ခေါင်းဆောင်တွေ ကိုယ်တိုင်ကွင်းဆင်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ အသိပေးထားပါတယ်။
ကော့ကရိတ်စစ်ရှောင် ပြည်သူလူထုကို သွားရောက်တွေ့ဆုံမှုမှာ အားပေးစကားပြောကြားတာ၊ ပြည်တွင်းပြည်ပက ကူညီထောက်ပံ့မှုတွေကို ဘားအံခရိုင်နဲ့ မြို့နယ်တာဝန်ရှိသူတွေက ဦးဆောင်ပြီး စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ဆိုင်ရာ ပစ္စည်းတွေပေးတာ၊ အခြားလိုအပ်တဲ့ ကူညီထောက်ပံ့မှုဆိုင် ရာစတာတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
KNU ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေထဲ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိပြီး လူငယ်ကလေးတွေအတွက် ပညာရေးနဲ့ ကျောင်းသုံးပစ္စည်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ညီညွတ်မျှတတဲ့ အစာအာဟာရနဲ့ နို့မှုန့်ဗူးတွေ ထပ်မံလိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူဦးရေ ၉၀၀၀၀ နီးပါးရှိပြီး အခု ဒီဇင်ဘာလထဲမှာလည်း နေရာအနှံ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် စစ်ရှောင်ပြည်သူဦးရေ ပိုမိုများပြားလာလျက်ရှိတယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU