မင်းလှ – ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊မင်းလှမြို့နယ် စမ်းဘုတ်ကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ညပိုင်းက အင်အား ၁၅ ဦးပါတဲ့ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ဆေးရေးဂိတ်စခန်းသိမ်းတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သား ၂ ဦးနဲ့ ရဲတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဖုန်း ၂ လုံး၊ဓာတ်မီး ၂လက်၊ငွေသား ၂ သောင်းကျပ်၊ သက်သေခံ ကတ်ပြား ၇ ခုနဲ့ ကျည် ၁၇ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က စစ်ကူတွေရောက်ရှိလာပေမယ့် တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပဲခူး – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.