ဝါရှင်တန်၊ ဒီဇင်ဘာ ၆
ယူကရိန်းကို လက်နက်နဲ့ အကူအညီတွေပေးပို့ဖို့ ရန်ပုံငွေဟာ ဒီနှစ်ကုန်ပိုင်းမှာ ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် စစ်ပွဲအရေးနိမ့်သွားနိုင်တယ်လို့ အမေရိကန် စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ဒါရိုက်တာ ရှာလန်ဒါယမ်းက သတိပေးလိုက်ပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု ခုခံကာကွယ်နေတဲ့ စစ်ပွဲရပ်တန့်သွားနိုင်တယ်လို့ဆိုပြီး ကွန်ဂရက်လွှတ်တော်ထံ ဒီဇင်ဘာ ၅ ရက်နေ့မှာ အရေးပေါ်သတိပေးချက် ပေးပို့ခဲ့တာပါ။
“ယူကရိန်းစီးပွားရေး ပြိုကျရင် သူတို့ ဆက်ပြီး စစ်တိုက်နိုင်မှာမဟုတ်ဘူး၊ လုံးဝ ရပ်တန့်သွားလိ့မ်မယ်၊ ကျွန်မတို့ ပိုက်ဆံကုန်ပြီး အချိန်လည်းကုန်လုနီးပါးဖြစ်နေပြီ” လို့ ရှာလန်ဒါယမ်းက ပြောပါတယ်။
ယူကရိန်း၊အစ္စရေးနဲ့ တခြားလိုအပ်တဲ့နေရာတွေအတွက် ကန်ဒေါ်လာ ၁၀၆ ဘီလျံအကူအညီ ပေးရေးအစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်က ကြိုးပမ်းခဲ့ပေမယ့် ယူကရိန်းအတွက် အကူအညီပေးရေးနဲ့ပတ်သက်ပြီး အခက်ကြုံနေရတာပါ။
ဒါ့အပြင် ရစ်ပတ်ဘလစ်ကန်တွေလွှမ်းမိုးထားတဲ့ လွှတ်တော်က ဟားမတ်စ်တွေနဲ့ တိုက်ခိုက်နေတဲ့ အစ္စရေးအတွက် သီးသန့်အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုထားပြီး အိမ်ဖြူတော်က ဦးစားပေးအရာအားလုံးကို အရေးပေးလုပ်ဆောင်ဖို့ တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။
ကွန်ဂရက်လွှတ်တော်က ယူကရိန်းကို ကူညီဖို့ ဒေါ်လာ ၁၁၁ ဘီလျံခွဲဝေပေးထားပြီး အဲဒီထဲမှာ စစ်ဘက်ဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၆၇ ဘီလျံ၊စီးပွားရေးနဲ့ အရပ်ဘက်အကူအညီဒေါ်လာ ၂၇ ဘီလျံနဲ့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၀ ဘီလျံတို့ပါဝင်ပါတယ်။
အဲဒီထဲက ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရဲ့ ၃ ရာခိုင်နှုန်းနီးပါးကလွဲပြီး အားလုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအလယ်မှာ ကုန်ဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ကွန်ဂရက်လွှတ်တော်က ရန်ပုံငွေထပ်မံ အတည်မပြုခင်အချိန်ထိ ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေဖို့အတွက် မကြာသေးခင်ရက်သတ္တပတ်တွေအတွင်း စစ်ရေးအကူအညီတွေ နှေးကွေးခဲ့ရတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
“ဒီတိုက်ပွဲမှာ ယူကရိန်းကို ထောက်ပံ့ဖို့ ငါတို့ ပိုက်ဆံကုန်နေပြီ၊ ဒါက နောက်နှစ်အတွက် ပြဿနာမဟုတ်ဘူး။ ရုရှားရဲ့ ရန်လိုမှုကို တိုက်ဖျက်နေတဲ့ ဒီမိုကရေစီနိုင်ငံ ယူကရိန်းကို ကူညီဖို့ အချိန်ရောက်ပါပြီ။ ကွန်ဂရက်လွှတ်တော်က ဆောင်ရွက်ပေးရမယ့်အချိန်ပါပဲ” လို့ရှာလန်ဒါယမ်း က ပြောပါသေးတယ်။
အကူအညီလိုအပ်မှုနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ခေါင်းဆောင်တွေအတွက် ပေးပို့တဲ့ စာဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ကပ်ပီတိုဟေးလ်သတင်းစာရှင်းလင်းပွဲအပြီးမှာ နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ယူကရိန်းက အကူအညီတွေ လိုအပ်နေတယ်ဆိုတာ သိပါတယ်၊ ပြီးတော့ ငါတို့ရဲ့ စစ်တပ်ကလည်း အကူအညီတွေ လိုအပ်နေတယ်” လို့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် ချော့ခ်ရှူမာက အေပီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
Ref:AP