ပြုံယမ်း၊ ဒီဇင်ဘာ ၃

မြောက်ကိုရီးယားက သူတို့ လွှတ်တင်ထားတဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေကို နှောင့်ယှက်မှုတွေ လုပ်ဆောင်ပါက စစ်ကြေညာတာပဲလို့ မှတ်ယူမှာဖြစ်ကြောင်း ဒီဇင်ဘာ ၂ရက်က သတိပေးလိုက်ပါတယ်။

သူတို့ရဲ့ မဟာဗျူဟာဆိုင်ရာပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခံရဖို့ သေချာလာပြီဆိုရင် စစ်ရေးအရ တားဆီးရေး အင်အားစုဆောင်းထားမယ်လို့လည်း ပြောကြားပါတယ်။

အမေရိကန်က အာကာသထဲမှာ မိမိတို့ကို နှောင့်ယှက်လာခဲ့မယ်ဆိုရင် အမေရိကန် ဂြိုလ်တုတွေကို ရှင်းပစ်မှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

အမေရိကန်က နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြီး အချုပ်အချာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံရဲ့ တရားဝင်နယ်နိမိတ်ကို ချိုးဖောက်ဖို့ ကြိုးစားတာဟာ တရားမဝင်ဘူးလို့ KCNA က ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၁ ရက်က သူတို့ရဲ့ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး အိမ်ဖြူတော်နဲ့ အမေရိကန် စစ်ဌာနချုပ်ပင်တဂွန် အပါအဝင် အချက်အချာကျတဲ့ နေရာတွေကို စောင့်ကြည့်နေတယ်လို့ ပြောဆိုထားတာပါ။

အမေရိကန်ဘက်ကတော့ မြောက်ကိုရီးယား ဂြိုလ်တုရဲ့ ထောက်လှမ်းမှုတွေကို တားဆီးဖို့ ဆန္ဒရှိတယ်ဆိုရင် တားဆီးနိုင်စွမ်းရှိတယ်လို့ ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြုံယမ်း အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

ဒီဂြိုလ်တု လွှတ်တင်မှုနဲ့ ပတ်သက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၁ ယောက်ကို တောင်ကိုရီးယားကလည်း အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

ကမ္ဘာမှာ အင်အားကြီး နိုင်ငံအချို့က ဂြိုလ်တုတွေကိုတောင် ပစ်ချနိုင်တဲ့ လက်နက်တွေ တီထွင်ထားပြီး ဖြစ်တာကြောင့် မြေပြင်စစ်ပွဲတွေအပြင် အာကာသမှာလည်း စစ်ပွဲတွေ ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:Yahoo News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.