မော်လမြိုင်၊ ဒီဇင်ဘာ ၂

မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီးလောင်မှုဟာ ဇီးဖြူသောင်ကျေးရွာ အမှတ်(၁) ရပ်ကွက် သဲပုံစေတီအနီးရှိ ကိုဇော်ဦး နေအိမ်မှာ ထင်းမီးနဲ့ ထမင်းအိုတည်ထားရာမှ နေအိမ်ထံရံ မီးကူးစက်လောင်းကျွမ်းရာကနေ ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ထရံကာ၊ ဖက်မိုးနေအိမ်တွေအပါအဝင် သွပ်မိုး၊ ပျဉ်ခင်း၊ သစ်ကာ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီး သွားပြီး မီးဘေသင့်ပြည်သူ ရာနဲ့ချီ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုကို အရန်မီးသတ်၊ အနီးပတ်ဝန်းကျင်ကျေးရွာတွေက လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ မီးလောင်ပြီး ၂ နာရီကျော်အကြာမှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့်ပြည်သူ ၁၆၀ ကျော်ကိုတော့ ဇီးဖြူသောင်ကျေးရွာ ရတနာအောင်မြေဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

ဇီးဖြူသောင်စံပြကျေးရွာဟာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၀၀၀ ကျော် နေထိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.