မော်လမြိုင်၊ ဒီဇင်ဘာ၂

ပြည်တွင်း စက်သုံးဆီဈေးနှုန်းဟာ ဒီဇင်ဘာလအစမှာပဲ တရှိန်ထိုးခုန်တက်လာခဲ့ပြီး အရင်ဈေးနှုန်းထက် တစ်လီတာကို ကျပ် ၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာလအတွင်း တစ်လီတာကို ကျပ် ၂၃၅၀ ဝန်းကျင်သာရှိတဲ့ 95 ဓာတ်ဆီဟာ ကျပ် ၂၇၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို 92 ဓာတ်ဆီကလည်း ကျပ် ၂၂၀၀ ဝန်းကျင်ကနေ ကျပ် ၂၆၀၀ နီးပါးအထိ ဈေးနှုန်း ခုန်တက်လာခဲ့တာပါ။

စက်သုံးဆီဈေးနှုန်း ချက်ချင်းခုန်တက်လာတာဟာ စစ်ကောင်စီဗဟိုဘဏ်က သူတို့သတ်မှတ်ထားတဲ့ တစ်ဒေါ် လာကို ကျပ် ၂၁၀၀ နဲ့ ရောင်းချပေးမှု ရပ်ဆိုင်းလာတာကြောင့် ဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းမှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

မွန်ပြည်နယ်အခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီဘက်က ဈေးဆွဲတင်လိုက်တာကြောင့် ဈေးနှုန်းမြင့်တက်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဆီဈေးကတော့ အစိုးရဆီကနေဝယ်ရတော့ သူတက်ရင်ကျွန်တော်တို့လည်း တက်သွားတာပေါ့။ ကမ္ဘာ့ဆီဈေးကလည်း တက်တယ်။ ကမ္ဘာ့ဆီဈေးဆိုလည်း အမြဲတမ်း ငြိမ်တာတော့ မဟုတ်ဘူးပေါ့လေ။ တက်လိုက် ဆင်းလိုက်ပေါ့။ ဒါပေမယ့် ဒီရက်ပိုင်းက သူကအတက်ဘက်ဖြစ်နေလို့။ အတက်ဖက်က သုံးလေးရက် ဆက်တိုက်ဖြစ်နေတာပေါ့လေ။ တက်တာကလည်း တစ်ကာရမ်ကို တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ အဲဒီလိုမျိုး တက်နေတယ်။ ဒီမှာ အစိုးရကလည်း ဆီဈေးကတက်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စက်သုံးဆီတွေကို လိုသလောက် မရောင်းချပေးဘဲ ခွဲတမ်းတမ်းနဲ့ ရောင်းချပေးတာ၊ လမ်းခရီးကြန့်ကြာမှုတွေကြောင့် ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုတွေပါ ထပ်မံဖြစ်ပေါ်လာတယ်လု့ သူက ဆက်ပြောပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာနဲ့အတူ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်လာတဲ့အတွက် တချို့ဆိုင်တွေဟာ ကားတစ်စီးကို ကျပ် သုံးသောင်းဖိုး၊ ဆိုင်ကယ်တစ်စီးကို ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

စက်သုံးဆီဈေးနှုန်း တရှိန်ထိုးမြင့်တက်လာမှုအပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် တိုင်းနဲ့ပြည်နယ်အများစုမှာတော့ စက်သုံးဆီလုံးဝ ပြတ်လပ်လာမှာကို ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူရေးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်တဲ့ စက်သုံးဆီဈေနှုန်းအရ သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာဆိုရင် စက်သုံးဆီ တစ်လီတာကို ကျပ် ၃၀၀၀ ကျော်အထိ ပေါက်ဈေး ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.