ကျိုက်မရော၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာထဲကို ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
အဲဒီနေ့ မနက် ၂ နာရီအချိန်လောက်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဟာ မိကသစ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတဲ့အတွက် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။
ဗုံးကြဲခံရတာကြောင့် ဘဏ္ဍာဓနဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၄၂ အရွယ် ဦးဇင်း ဦးသောမဟာနေရာမှာပဲ ပျံလွန်တော်မူသွားပြီး ဘုန်းကြီး ကျောင်းအဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒေသခံတွေမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး တချို့ ဒေသခံတွေကတော့ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ပနော၊ကော့ဒွန်းနဲ့ဝယ်ငဲ့ကျေးရွာက ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ပနောကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတံတားဂိတ်စခန်းနဲ့ နယ်မြေရဲစခန်းတိုက်ပွဲကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးကအစ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU