ကော့ကရိတ်၊ ဒီဇင်ဘာ ၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၄ နာရီအချိန်ကစလို့ ကော့ကရိတ်မြို့ပေါ် ခင်နိမ်းမူ၊သပြေကုန်း၊မြို့တော်ဦး၊ ချောင်းတောင်နဲ့ မြို့အလယ်နေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့ ကရင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေယာဉ်နဲ့အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ခရီးသွားပြည်သူတွေအပါအဝင် အရပ်သားအများအပြား ပိတ်မိတာတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ တိုက်ပွဲအတွင်း ဒဏ်ရာရပြီး ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ရှိနေပြီး အမျိုးသမီးတစ်ဦး သေဆုံးထားတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်တိုက်ပွဲဟာ ဒီနေ့ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကော့ကရိတ်မြို့အနီးရှိ ကော့နွဲ့စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက် ခိုက်သိမ်းပိုက်ထားတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေကနေ စုံစမ်းသိရှိရပါတယ်။

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ အလံဖြူထောင်ပြီး အညံ့ခံတာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး အသုံးပြုခွင့် ပိတ်ပင်ထားသလို ခရီးသွားကားရာနဲ့ချီ တိုက်ပွဲအတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.