မနီလာ၊ နိုဝင်ဘာလ ၃၀

ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်တော်လှန်ရေးအင်အားစုတို့ဟာ ၆ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူညီခဲ့ကြပြီး ဆယ်စုနှစ်များစွာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ဖို့ ရည်မှန်းထားတယ်လို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ နော်ဝေနိုင်ငံက ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ နှစ်ပေါင်း ၅၀ကျော် အစိုးရတပ်နဲ့ ကွန်မြူနစ်ပါတီ တို့ရဲ့ ပြည်တွင်းစစ်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက် လူပေါင်း ၄ သောင်းကျော် သေဆုံးထားပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်ရဲ့ နှစ်ဘက်အမြင့်ဆုံးအရာရှိတွေဟာ အဓိက အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုတဲ့ ငြိမ်းချမ်းရေးဘုံရည်မှန်းချက်ကို သဘောတူညီခဲ့တယ်လို့ ဆိုထားပါတယ်။

ဆွေးနွေးမှုတွေ အောင်မြင်ပါက တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို အဆုံးသတ်ပြီး နိုင်ငံရေးလှုပ်ရှားမှုပုံစံအဖြစ် ပြောင်းလဲရမယ်လို့ ဖိလစ်ပိုင်ကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံက ပြောခဲ့ပါတယ်။

ဒါ့အပြင် ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်အဖွဲ့တွေကိုလည်း အစိုးရက အကြမ်းဖက်အဖွဲ့စာရင်းက ဖယ်ရှားပေးဖို့ကိုလည်း ဆွေးနွေးပွဲမှာ ထည့်သွင်းနိုင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြံပေး ကာတီလို ဂေါလ်ဗက်ဇ် Carlito Galvez က မနီလာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာက အပစ်ရပ်ဖို့ ချက်ချင်းမကြေညာထားသလို တော်လှန်ရေးအဖွဲ့တွေအပေါ် ဆန့်ကျင်တဲ့ အော်ပရေးရှင်းတွေလည်း ဆက်ရှိမှာဖြစ် တယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တရားဝင်ဆွေးနွေးပွဲတွေကို ၂၀၁၇ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ပေမယ့် စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေကို သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ပျက်ကွက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးသူတွေကတော့ ဖိလစ်ပိုင်ရဲ့ သက်ဆိုင်ရာအစုအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားနိုင်သလို လျှို့ဝှက်ဆွေးနွေးမှုတွေအထိပြုလုပ်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်လက်မှတ်ထိုးပွဲကိုလည်း ပြည်ပရောက် တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကြေညာချက်ဟာ သမ္မတ မားကိုစ့်ဂျူနီယာက ကွန်မြူနစ်လှုပ်ရှားမှုအဖွဲ့ဝင်ဟောင်းတွေ အပါအဝင် သူပုန်အဖွဲ့တွေကို လွတ်ငြိမ်းခွင့်ပေးတဲ့ အမိန့်ထုတ်ပြန်ပြီး တစ်ပတ်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.