ပြုံယမ်း၊ နိုဝင်ဘာ ၂၂

မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မယ့် အစီအစဉ်ကို ဒေသတွင်း အိမ်နီးချင်း ဂျပန်နိုင်ငံကို အသိပေးအကြောင်းကြားထားတယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။  

ဒီအစီအစဉ်ဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်တဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို ပတ်လမ်းအတွင်းလွှတ်တင်မယ့် မြောက်ကိုရီးယားရဲ့ တတိယအကြိမ်ကြိုးပမ်းမှုဖြစ်တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ပြောကြားထားပါတယ်။

မြောက်ကိုရီးယားဟာ ဒီဂြိုလ်တုကို ပင်လယ်ဝါနဲ့ အရှေ့တရုတ်ပင်လယ်ဘက်ကို ဦးတည်စေ လွှတ်ဖို့ စီစဉ်ထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံပိုင် ရေကြောင်းဘေးကင်းရေး အေဂျင်စီကလည်း အရင်ပစ်လွှတ်ခဲ့တဲ့ ဧရိယာတွေအတိုင်း သူတို့ရဲ့ သင်္ဘောတွေကို သတိပေးချက်ထုတ်ပြန်ထားတာပါ။

၂၀၂၃ ခုနှစ်အစောပိုင်းတုန်းကလည်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်ဖို့ နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာ ရုရှားရဲ့ အကူအညီနဲ့ ထပ်မံကြိုးပမ်းတာဖြစ်တယ်လို့ တောင်ပိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရုရှားအာကာသစခန်းကို ပထမဆုံးအကြိမ်အဖြစ် အလည်ပတ်သွားရောက်ခဲ့သလို သမ္မတပူတင်ကလည်း ဂြိုလ်တု တည်ဆောက်ဖို့ ကူညီမယ်လို့ ကတိပြုခဲ့တာပါ။

ရုရှားအကူအညီနဲ့ လွှတ်တင်မယ့် ထောက်လှမ်းရေးဂြိုလ်တုဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေ ပိုမိုထိရောက်မှုရှိအောင်လုပ်ဆောင်ဖို့ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်က အမေရိကန်လုပ် အေးဂျီစ့် ဖျက်သင်္ဘောတွေနဲ့ PAC-3 လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံတွေအပါအဝင် နိုင်ငံရဲ့ ကာကွယ်ရေးစနစ်တွေဟာ မျှော်လင့်မထားတဲ့အခြေအနေတွေအတွက် အသင့်ရှိတယ်လို့ သတိပေးထားပါတယ်။

“ဒါဟာ ဂြိုလ်တုလွှတ်တင်ဖို့ ရည်ရွယ်ထားတယ် ဆိုပေမယ့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်တိုက်ချိုးဖောက် နေတာပါ၊ဒါဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်”လို့ ကီရှီဒါက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်၊တောင်ကိုရီးယားတို့နဲ့အတူ ဂျပန်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ် လွှတ်မှုတွေကို ဆက်လက်မလုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းသွားမယ်လို့ သူက ပြောပါသေးတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို စောင့်ကြည့်နေတယ်လို့ တောင်ပိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးထားသလို ဒီတစ်ကြိမ်ပစ်လွှတ်မှုမှာတော့ အောင်မြင်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

Ref: RNZ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.