သထုံ၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပိန္နဲတောကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပိန္နဲတောတပ်စခန်းကနေ လက်နက်ကြီး ၃ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာကနေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပိန္နဲတောကျေးရွာနေ အသက် ၇၅ အရွယ် ဦးထေလူးဟာ နေရာမှာပဲသေဆုံးသွားပြီး အသက် ၄၆ အရွယ် ဦးစိုးဝင်းနိုင်ဟာ ပြင်းထန်ဒဏ်ရာရရှိပြီးနောက် သိမ်ဆိပ်ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အသက် ၇၂ အရွယ် ဒေါ်ကော်နော်နဲ့ အသက် ၃၂ အရွယ် စောသက်နိုင်တို့မှာလည်း လက်၊ ခြေထောက်၊ ပေါင်တွေမှာ မိုင်းစထိမှန်ဒဏ်ရာအသီးသီး ရရှိခဲ့တဲ့အတွက် သထုံခရိုင်ပြည်သူဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။

စစ်ကောင်စီရဲ့ ပိန္နဲတောတပ်စခန်းဟာ သူတို့စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ကို လာရောက်တိုက်ခိုက်ရင် ကျေးရွာထဲလက်နက်ကြီး ပစ်ခတ်မယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက ရွာလူကြီးတွေကို ခေါ်ယူကာ သတိပေးထားတာပါ။

ပိန္နဲတောတပ်စခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အသေးစိတ်မသိရသေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

သထုံမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း မကြာခဏ မြေမြှုပ်မိုင်းပေါက်ကွဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံအရပ်သားပြည်သူ ၃၀ ကျော် သေဆုံးထားပြီး ဒဏ်ရာရသူ ၁၀၀ နီးပါးရှိတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.