မော်လမြိုင် – နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ပြီလို့ စစ်ကောင်စီကဒီနေ့ နိုဝင်ဘာ ( ၁၂)ရက်နေ့ မှာ ဝါဒဖြန့်ရုပ်သံသတင်းတွေကနေ ကြေညာလိုက်ပါတယ်။

အဲဒီသတင်းတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ယနေ့(နိုဝင်ဘာ ၁၂ ရက်)မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အဲဒီမြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်တာပါ။

စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ မြို့နယ်တွေကတော့ လားရှိုး၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ သိန္နီ၊ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့ဖြစ်ပါတယ်။

အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ခဲ့တဲ့ ရှမ်း ပြည်နယ်မြောက်ပိုင်းက ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာရှင်တော်လှန် ရေးမှာ မကြုံဖူးတဲ့ကြီးမားတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ် ဖရိုဖရဲဖြစ် အားနည်းလာတာကိုပြသတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလာကြပါတယ်။

မြို့သိမ်းတိုက်ပွဲတွေနဲ့ တပ်စခန်းတွေ အသိမ်းခံရပြီးတဲ့နောက်မှာ စစ်ကောင်စီက အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ခေါ်ယူလိုက်ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးနယ်မြေတွေကို ရှမ်းမြောက်မှာ သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ- The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.