မော်လမြိုင်၊ နိုဝင်ဘာ ၁၂

နိုင်ငံနေရာအနှံ့က တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ မြို့ နယ်အများစုမှာ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ ကျိုက်မရောနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ထားသလို ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေတာပါ။

ဒါ့အပြင် နယ်မြေလုံခြုံရေးအရ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုနည်းပါးတဲ့ မြို့တော်မော်လမြိုင်၊ ပေါင်၊ချောင်းဆုံ၊မုဒုံ၊ သံဖြူဇရပ်တို့ရဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းဂိတ်တွေမှာလည်း တပ်ဖွဲ့ဝင်အင်အားထပ်တိုးထားတာ ဖြစ်ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေမှာ တစ်ဂိတ်လျှင် အနည်းဆုံးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထပ်တိုးထားသလို တပ်စခန်းတွေမှာလည်း လက်နက်ကြီးနဲ့ ဘန်ကာတွေကို အခိုင်အမာတည်ဆောက် ပြင်ဆင်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နဂိုမူလရှိရင်းစွဲဂိတ်တွေမှာ သူတို့တစ်ဂိတ်ကို ဆယ်ဦး၊ ဆယ့်ငါးဦး ထပ်တိုးအင်အားအနေနဲ့ ထပ်တိုးထားတာတွေရှိတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာရော၊ ကင်မွန်းချောင်မှာရော၊ ရွာထဲမှာရော၊ ဂိတ်စခန်းတွေမှာရော၊ သူတို့အင်အားတွေထပ်တိုးပြီးတော့ အများဆုံးကတော့ ကင်မွန်းချောင်းရွာပေါ့။ အဲဒီမှာ ဆောင်နိုင်ကြီးဘက်ခြမ်းကိုလည်း ကာထားသလို ငှက်ပျောတောဘက်ခြမ်းကိုလည်း သူတို့ကာထားတာတွေရှိတယ်။ သူတို့စစ်အင်အားတိုးလာတယ်ပေါ့။ ဘန်ကာတွေ၊ ကတုတ်တွေ၊ လက်နက်ကြီးတွေနဲ့ ခံစစ်ပြင်တဲ့ပုံစံမျိုးပေါ့ဗျာ” လို့ ဆိုပါတယ်။

စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကလည်း လာမယ့်ရက်ပိုင်းတွေအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးအင်အားစုက မွန်ပြည်နယ်မှာလည်း စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲလာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် တပ်လှန့်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေကနေ စုံစမ်းသိရှိရပါတယ်။

လုံခြုံရေးတိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် နေရာတွေ၊ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာအပြင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“စစ်တယ်ဆိုတာ တံတားရယ်၊ တံတားတိုးဂိတ်ရယ်၊ ကျိုက်ကော်ဘက်ရယ်။ ကျွန်တော်တို့မြို့နယ်မှာတော့ တစ်ခါပြိုသွားတဲ့ တံတားနားရယ်၊ ဟိုဘက်တိုးဂိတ်ဟောင်းရယ် အဲဒီနေရာတွေ စစ်နေတာ။ နတ်ကြီးသွားတဲ့လမ်းဘက်ရော စစ်တယ်” လို့ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ စစ်ကောင်စီလက် အောက်ခံရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖို့ကြိုးပမ်းနေတဲ့အတွက် နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသလို မုဒုံမြို့နယ်အခြေစိုက် အမြောက်တပ်ကလည်း လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့တပ်ရင်းနဲ့တပ်စခန်းတွေ တိုက်ခိုက်မခံရအောင် နေ့တိုင်းနီးပါး လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

“နေ့တိုင်းပစ်တာပေါ့။ ခါတိုင်းဆို ညဆယ်နာရီကျော်ကျော် ဆယ့်တစ်နာရီလောက်ဆို နှစ်လုံးလောက်ပစ်တယ်။ အခုဆိုညဦးပိုင်းခြောက်နာရီ ကျော်ကျော်လောက်ကတည်းကပစ်တာ” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားပြည်သူ ၁၀၀ ထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ လာမယ့်ပွင့်လင်းရာသီကစပြီး မွန်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.