တနင်္သာရီ၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၅၅,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူ ၄၅,၀၀၀ ကျော်ရှိနေပြီး အောက်တိုဘာလအတွင်း စစ်ရှောင်တစ်သောင်းကျော် ထပ်တိုးလာတဲ့အတွက် စစ်ရှောင်ဒုက္ခသည် ၅၅,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဖော်ပြပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာကူညီရရှိမှု နည်းပါးလာသလို စစ်ကောင်စီရဲ့ ဟန့်တားမှုတွေကြောင့် အကူအညီရရှိရေး ပိုမိုခက်ခဲလာတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ထားဝယ်အရှေ့တော၊ တနင်္သာရီနဲ့ပုလောမြို့နယ်တို့မှာလည်း စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီ ပိုမိုလိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာ နေအိမ် ၄၄ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အခုလိုမီးရှို့ဖျက်ဆီးခံရမှုဟာ ပြီးခဲ့တဲ့ ၃ လအတွင်း အများဆုံးပမာဏဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရမှုအနေနဲ့ စစ်ကောင်စီရဲ့အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် အရပ်သား ၂၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ၁၇၆ ဦး ပြန်လွတ်လာပေမယ့် ၉ ဦး သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအရ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၁,၀၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar က နိုဝင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ/ ဒေါနတနင်္သာရီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.