ရေး၊ နိုဝင်ဘာ(၁)

စစ်ကောင်စီတပ်ကို စစ်ကြေညာတဲ့ရက်ကနေ ဒီကနေ့အထိဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုင်ငံ့တောင်းပိုင်းအတွင်း သက်ရောက်နိုင်မလားဆိုတာ မေးခွန်းတွေရှိနေပါတယ်။

လက်ရှိမှာလည်း ၁၀၂၇ စစ်ဆင်းရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းသာမက နိုင်ငံ့အလယ်ပိုင်း စစ်ကိုင်းတိုင်းအပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KIA ထိန်းချုပ်ဒေသ ကချင်ပြည်နယ်အထိ ဧရိယာကျယ်ပြန့်လာနေတာပါ။

စစ်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာနေသူတစ်ဦးကတော့ စစ်ဆင်ရေး ၁၀၂၇ ကြောင့် စစ်ကောင်စီအနေနဲ့ စစ်မျက်နှာအများကြီး ဖွင့်ထားရတဲ့ပေါ် မဟာမိတ်တပ်ပေါင်းစုတွေ အခွင့်ကောင်းယူပြီး နိုင်ငံ့တောင်ပိုင်းမှာ ထိုးစစ်ဆင်တာတွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျိုက်ထို၊ ဘီးလင်း၊ မွန်ပြည်နယ် တောင်ပိုင်း ရေး၊ထားဝယ်၊ တနင်္သာရီအစပ်မှာ ပူးပေါင်းတပ်ဖွဲ့ မဟာမိတ်တွေနဲ့ စကစကြားမှာ စခန်းသိမ်းတိုက်ပွဲပုံစံမျိုးနဲ့ ထိုးစစ်တွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ စဉ်းစားထားတာ။ အခုကစစ်ဆင်ရေး ၁၀၂၇ ဖြစ်လာတယ်ဆိုတော့ စစ်ကောင်စီအနေနဲ့ ကြည့်မယ်ဆိုရင် ဒီအချိန်မှာသူ့အတွက် စစ်မျက်နှာအများကြီး ဖွင့်ထားရတယ်ဆိုတော့ ဒါကိုအခွင့်ကောင်းယူပြီး မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကောင်စီကို ထိုးစစ်ဆင်တာတို့ ဘာတို့ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ ပြောလို့ရတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံ့တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေကြတဲ့ တော်လှန်ရေးအဖွဲ့ တွေကတော့ ၁၀၂၇ စစ်ဆင်ရေး မစခင်ကာလမှာကတည်းက လာမယ့်ပွင့်လင်းရာသီမှာ တိုက်ပွဲအရှိန်မြှင့်တင်မှာဖြစ်တဲ့အတွက် မလိုအပ်ဘဲခရီးမသွားကြဖို့ ဒေသခံပြည်သူတွေကို မေတ္တာရပ်ခံထားတာပါ။

တစ်ဖက်မှာ ၁၀၂၇ စစ်ဆင်ရေး ကြေညာတဲ့ရက်မှာတင် ရှမ်းမြောက်တခွင် စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပြင်းထန်နေချိန် နိုင်ငံ့တောင်ပိုင်း ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ပေါ်မှာလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးအပါအဝင် စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ရုံးသုံးခုထက်မနည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်မီးရှို့ဖျက်ဆီးထားပါတယ်။

အဲဒီနောက်ပိုင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမှာလည်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ့ကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ့တောင်ပိုင်းအတွင်း တပ်မဟာ ၇ ခုနဲ့ ဒေသများစွာ ထိန်းချုပ်ထားနိုင်တဲ့ ဝါရင့်တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ သက်ရောက်မှု အများကြီးရှိတယ်လို့ ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အချိန်တွေယူရင်းနဲ့ ပြင်ဆင်စရာရှိတာကို ပြင်ဆင်။ နောက်ပြီးတော့ လိုအပ်တဲ့ဟာတွေကို ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရင်းနဲ့ပဲ ပြောရမယ်ဆိုရင် အခုကျတော့ ကျွန်တော်တို့လိုချင်တဲ့ အမြဲတမ်းပြောနေတဲ့ ဟန်ချက်ညီညီဖြစ်ရေးဆိုတာတော့ ဒါရုပ်လုံးပေါ်လာပြီလို့ ကျွန်တော်တို့ မြင်ရတာပေါ့။ သက်ရောက်မှုကတော့ အများကြီးရှိပါတယ်။နောက်ပြီးဒါက သဘောထားရေးရာအရ ကျွန်‌တော်တို့ပြောနေတာ မဟုတ်ဘဲ လက်တွေ့ ဒီကနေ့မှာ ဆက်ပြီးတော့ မြင်နေရတယ်။ အဲဒီလိုပဲ ကျွန်တော်ပြောရတော့မယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးအရ အောင်မြင်မှုရတာနဲ့အညီ လူထုဝန်ဆောင်မှုဖြစ်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထပ်ကြပ်မကွာ လုပ်နိုင်မှသာ ပိုပြီးထိရောက်မှုရှိသလို နယ်မြေတွေကိုလည်း တည်တည်ငြိမ်ငြိမ် ထိန်းသွားနိုင်မယ်လို့ ထောက်ပြပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်သူ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုဆိုထောက်ခံမှုကို ရရှိထားတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တို့ စစ်ကောင်စီတပ်ကို ဟန်ချက်ညီညီ တပြိုင်နက် တိုက်ခိုက်ကြတာပါ။

စစ်ရေးအကဲခတ်တွေနဲ့ စစ်တပ်အသိုင်းအဝိုင်းတချို့ရဲ့ သုံးသပ်ချက်အရ ၁၀၂၇ စစ်ဆင်ရေးဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်ကောင်စီတပ်ကို လဲပြိုသွားနိုင်လောက်အောင် အထိနာစေခဲ့တယ်လို့ ဆိုကြပါတယ်။

CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း အောက်ခြေစစ်သည်တွေနဲ့ အရာရှိငယ်တွေဟာ စတေးခံနေရပြီး တိုက်ပွဲပေါင်းများစွာကလည်း ရှေ့မှာ ကြိုနေတဲ့အတွက် တပ်တွင်းဂယက်ထ သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခုချိန် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာဟာ အများကြီးပဲ။ တပ်ကနေ ဖြေရှင်းရတာပေါ့။ အဲဒီမှာ စတေးခံရတာက ဘယ်သူလဲဆိုရင် အောက်ခြေစစ်သည်နဲ့ အရာရှိငယ်တွေပဲ စတေးခံရတာ။ အဲဒီအချိန်မှာ ဒီဟာကို တဖြည်းဖြည်းနဲ့ မြင်လာကြပြီ စိတ်လည်းပျက်လာကြပြီ။ နှစ်နှစ်ကျော် သုံးနှစ်လည်း ပြည့်တော့မယ်။ နောက်ပြီးဒီထက်ပိုပြီး ကြာဖို့ရှိတဲ့အချိန်မှာ တပ်ကလူတွေအနေနဲ့ တိုက်ပွဲပေါင်းမြောက်များစွာ ရှေ့မှာကြိုနေတယ်။ အဲဒီအတွက် အခုချိန်မသေရင် နောင်တချိန်သေမယ်ဆိုတဲ့ အယူအဆမျိုး တပ်ထဲမှာရှိလာနိုင်တယ်။ အဲဒါကြောင့် အများကြီးအများကြီး ပွဲပြတ်သွားလိမ့်မယ်။ နောက်ပြီး ဂယက်ထသွားလိမ့်မယ်။ လူကြီးတွေပေါ် မကျေနပ်မှုတွေကလည်း အများကြီးဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းမှု ၃ နှစ်နီးပါးကာလမှာ မြောက်ပိုင်းညီ‌နောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA အပါအဝင် KIA၊ CNF၊ABSDF နဲ့ KNPP တို့ဟာ PDF ပူးပေါင်းအဖွဲ့တွေနဲ့ ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ကရင်နီအပြင် နိုင်ငံ့အလယ်ပိုင်းမှာ စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။

နိုင်ငံ့တောင်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေအပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ကလည်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

မွန်၊ ကရင်၊ တနင်္သရီဒေသမှာ နယ်မြေထိန်းချုပ်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲက မွန်ပြည်သစ်ပါတီကတော့ တစ်နေ့ EAO တွေအားလုံး စစ်ကောင်စီကို တိုက်ခိုက်ကြရင် မိမိတို့လည်း ပါဝင်မယ်လို့ ပါတီဥက္ကဌ နိုင်ဟံသာက အခုနှစ်လည်ပိုင်းမှာ ထုတ်ပြောထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.