မော်လမြိုင် – နိုဝင်ဘာ ၁

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ရဲ့ ကျဆုံးသွားသော ရဲဘော် ၄ ဦးကို အာဇာနည် အလေးပြုပြီးသေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့တယ်လို့ ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေဟာ BPLA အလံတော် ကိုအလေးပြုတာ၊ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို အလေးပြုတာ၊ အာဇာနည်ရဲဘော် ၄ ဦးအတွက် အမိန့်ပြန်တမ်းဖတ်ကြားတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကောင်စီ တပ်မ-၃၃ လက်အောက်ခံ ခမရ-၁၃ နဲ့ ဗမာ့တပ်တော် BPLA တို့ဟာ ရှမ်းမြောက်တနေရာမှာ အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့တဲ့အပြင် ဗိုလ်ကြီးနေလင်းအောင် အပါအဝင် စစ်သုံပန်း ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပေမယ့် BPLA ရဲဘော် ၄ ဦးဟာ တိုင်းပြည် အတွက် အသက်ပေးလှူသွားခဲ့ရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေဟာ တပ်စိပ်မှူးဌေးကျော်(ခ)ဗျတ္တ၊တပ်စိတ်မှူး ချစ်စမ်းမောင်(ခ) သောကြာ၊ဒုစိတ်မှူး အောင်ပိုင်(ခ) ဇွဲမာန်နဲ့ ရဲဘော်မင်းကိုနိုင်(ခ)တောဗိုလ် တို့ဖြစ်ကြပြီး သူတို့တွေဟာ ဒီပဲယင်းဒေသခံတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.