မော်လမြိုင် – နိုဝင်ဘာ ၁

၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ တသားတည်းရပ်တည်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။

“တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက လည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးကြီးကို မဟာဗျူဟာကျကျ ဆင်နွှဲပြီး ရက်တိုအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း အလေးအနက်ထား ဂုဏ်ယူတယ်လို့ ပြောပါသေးတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့ ဆိုထားသလို တာဝန်ရှိသူ အဆင့်ဆင့် အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာ ဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။

လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန် မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်တဲ့အတွက် ပြည်သူလူထု ထံ သတင်းစကားပါးပြီး ထောက်ပံ့လာအောင် ဆောင်ရွက်ကြဖို့လည်း ဆိုထားပါတယ်။

တော်လှန်ရေးကာလမှာ တော်လှန်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတော်လှန် ဆိုတဲ့ ခံယူချက်နဲ့ လုပ်ဆောင်ရမှာဖြစ်သလို တည်ဆောက်တယ်ဆိုတဲ့ နေရာမှာလည်း လူအင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း တည်ဆောက်ရမှာဖြစ်ပြီး တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုမိုဟန်ချက်ညီအောင်လုပ်ပြီး အရှိန်မြှင့်တင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.