ပန်ဆန်း – နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကြည်းကြောင်း၊လေကြောင်းတွေက စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုတွေ ရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမှာဖြစ်တယ်လို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

“ဝ” တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေမှာ ဘယ်ဘက်ကမှာ ပါဝင်မှာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလုပ်ဆောင်ကြဖို့သာ တိုက်တွန်းထားတာပါ။

ပြည်နယ်အတွင်းက နယ်မြေလုံခြုံရေး၊ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကို UWSA က ခြွင်းချက်မရှိ ကာကွယ်ပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် “ဝ” ဒေသကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ အခမဲ့ နေရာချထားရေးနဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး UWSAရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းချိန်မှာတော့ “ထုတ်ပြန်ချက်အတိုင်းပါပဲ” လို့ တုံ့ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – UWSP/UWSA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.