ဝိုင်းမော်၊ နိုဝင်ဘာ(၁)

စစ်ရေးအရ အရေးပါတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ကန်တောင်ယန်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA/KIO သတင်းပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဗျူဟာကုန်းကို ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကချင်လွတ်မြောက် ရေးတပ်မတော် KIA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တပ်ပေါင်းစုပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက် ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အသိမ်းခံရတဲ့ ကန်တောင်ယန်ဗျူဟာကုန်းဟာ စစ်ကောင်စီတပ်ရဲ့ ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲနေထိုင်တဲ့စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်း ဆည်းရတဲ့ အခြေအနေကိုတော့ KIA ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီဟာ ဗျူဟာကုန်းအပါအဝင် အနီးအနားမှာရှိတဲ့ ဂျာထရွာဘက်ကို လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အရပ်သားနေအိမ် ၆ လုံး မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

ဗျူဟာကုန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အလာန့်ဘွမ်တောင်ကုန်းကို တိုက် လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်ကို စစ်ကောင်စီရဲ့ ခါယာစခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု‌ကြောင့် လိုင်ဇာနဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းအနီး AA တပ်စခန်းမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ရှမ်း‌မြောက်ရှိ နမ္မတူမြို့နယ် မုံးမော်၊နမ့်ဟိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အောက်ရှိ ခမရ ၃၂၄ ရဲ့ ဗျူဟာတပ်စခန်းကိုလည်း KIA တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.