ဝါရှင်တန်၊နိုဝင်ဘာ ၂

အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီ အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်လိုက်တယ်လို့ အမေရိကန်အပါအဝင် အနောက်အုပ်စုက ထုတ်ပြန်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လက်နက်ဝယ်ယူမှုတွေ ကျဆင်းစေဖို့အတွက် ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။

ဒီပိတ်ဆို့အရေးယူမှုဟာ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး အကြုံးဝင်မယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အရေးယူမှုတွေထဲမှာ ချေးငွေ၊အကောင့်တွေ၊ အာမခံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

“ဒီကနေ့ ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲလို့ မရသလို စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တာဝန်ခံမှု မြှင့်တင်ဖို့ ကြိုးပမ်းမှုဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံ လက်နက်၊လေယာဉ်ဆီနဲ့ နိုင်ငံခြားဝင်ငွေ စီးဆင်းမှု ရပ်တန့်သွားအောင် ထင်သာမြင်သာရှိတဲ့ အစီအမံတွေ လုပ်ဆောင်ကြဖို့ နိုင်ငံအားလုံးကို တိုက်တွန်းတယ်လို့လည်း သူက ပြောထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ သူတို့အထူးသတ်မှတ်ထားတဲ့ နိုင်ငံစာရင်း(SDN) မှာ MOGE ကို ထည့်သွားထားတာမရှိပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းနဲ့ အပြင်ဘက်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကာလရှည်တောင်းဆိုနေတဲ့ MOGE ကို ပထမဆုံးအကြိမ် တိုက်ရိုက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံခြားသုံးငွေရဲ့ ၅၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေရနေတာ ဖြစ်ပြီး MOGE ရဲ့ ၂၀၂၁-၂၂ ရည်မှန်းချက်အရ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိဖို့ မျှော်လင့်နေတာပါ။

အမေရိကန်အပါအဝင် ဗြိတိန်နဲ့ကနေဒါအစိုးရတွေရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လှုပ်ရှားမှုကို ပြတ်ပြတ်သားသား ရှုတ်ချပါတယ်လို့ ပြောထားသလို စစ်ကောင်စီကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေပေးတာနဲ့ လေယာဉ်အစိတ် အပိုင်းတွေအပါအဝင် ကန့်သတ်ကုန်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ အဖွဲ့ အစည်းတစ်ခုကိုလည်း ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို အားပေးထောက်ခံတဲ့ လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့ အစည်း ၂၂ ခုကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတယ်လို့ ကြေညာထားပြီး အရင်က ပိတ်ဆို့ အရေးယူမှုတွေ အပါအဝင် သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ စစ်ကောင်စီထံ လက်နက် ရောင်းချမှုတွေကို အဆုံးသတ်စေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒီပိတ်ဆို့အရေးယူမှုအသစ်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီတပ်အတွက် အကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်သူတွေက ပြောကြားထားပါတယ်။

Ref: The Diplomat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.