ကျောက်ကြီး၊ နိုဝင်ဘာ(၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးနဲ့ နတ်သံကွင်းမြို့ ဒေသအတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်မှုယန္တရားတွေနဲ့ ပါဝင်ပတ်သက်တဲ့ ဘယ်သူမဆို ဆက်လက်လုပ်ဆောင်မှုကိုရပ်စဲဖို့ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အမှတ် ၃ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့ဒေသအတွင်းရှိ စစ်ကောင်စီဝန်ထမ်းတွေသိစေဖို့ အသိပေးခြင်းဆိုတဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အမှတ် ၃ တပ်ရင်း စစ်ကြောင်းမှူး စောလှရွှေဟဲ လက်မှတ်ပါရှိတဲ့ ထုတ်ပြန်ချက်ကို အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ KNU ဗဟိုက ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်အရ အဲဒီဒေသအတွင်းရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းစစ်အစရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားနဲ့ ပါဝင်ပတ်သက်တဲ့ ဘယ်သူမဆို ဆက်လက်လုပ်ဆောင်မှုကို ရပ်စဲဖို့ KNDO အမှတ် ၃ တပ်ရင်း စစ်ကြောင်းမှူးက အသိပေးထားပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့ ဒေသအတွင်းရှိ စစ်ကောင်စီအာဏာသက်ဆိုးရှည်ဖို့ အခြားဒေသကနေ လာရောက်ပြီး ပါဝင်လုပ်ဆောင်သူတွေအနေနဲ့လည်း မိမိတို့နဲ့ သက်ဆိုင်တဲ့ နေရပ်ဒေသကို ပြန်သွားကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ချိုးဖောက်ကျူး လွန်ပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွ့် KNDO အမှတ် ၃ တပ်ရင်းအနေနဲ့ တာဝန်ယူ သွားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့ ဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းက နတ်သံကွင်းမြို့ပေါ်မှာလည်း နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.