တနင်္သာရီ၊ အောက်တိုဘာ(၁၅)

တနင်္သာရီတိုင်းဒေသထဲမှာ လာမယ့်ပွင်းလင့်ရာသီကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်တဲ့ စည်းကမ်းချက်တွေ မဖြစ်မနေ လိုက်နာပေးကြဖို့ တိုင်း(ပကဖ) တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ခုခံစစ်အားကောင်းတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လကစပြီး နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာထက် PDF တွေဘက်က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပိုဖြစ်လာခဲ့တာပါ။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူ တစ်ဦးကတော့ အခုနှစ်ကို အမျိုး သားညီညွတ်ရေးအစိုးရ(NUG) က တော်လှန်ရေးအဆုံးအဖြတ် နှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပွင်းလင်းရာသီမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုလုပ်သွားမယ်လို့ ပြောပါတယ်။

ဒါကြောင့် ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို အမြဲမပြတ်နားစွင့်ထားဖို့နဲ့ တိုက်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာနေရာတွေကို ထွက်ပြေတိမ်းရှောင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းတာပါ။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ ၊ တနင်္သာရီ၊ ကော့သောင်းနဲ့ ပုလောမြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက်ထိခိုက် သေဆုံးတာတွေလည်း ရှိနေတာပါ။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူ သားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.