ဒူးပလာယာ၊ အောက်တိုဘာ (၁၄)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား စက်တင်ဘာလ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ခရိုင်ရဲအုပ်မှူး ၁ ဦး၊ ယာယီတပ်ရင်းမှူး ၁ ဦး၊ ရဲအုပ် ၁ ဦး၊ တပ်ခွဲ ဒုအရာခံဗိုလ် ၁ ဦးအပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး ခရိုင် ဒုရဲမှူး ၂ ဦး၊ ဒုရဲအုပ် ၃ဦး အပါအဝင် ၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁ လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ KNU တော်လှန်ရေးပူးပေါင်းအဖွဲ့က ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တပ်မဟာ ၆ နယ်မြေ ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းကို KNU တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းက မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခရိုင်ရဲရုံးကို တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီလက်အောက်ခံ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခလရ(၂၇၅) ယာယီတပ်ရင်းမှူး၊ ယာဉ်ထိန်းရဲအုပ်တွေအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရဲအရာရှိတွေအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးရတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်အင်အား၊ စိတ်ဓာတ်ပိုင်းကျဆင်းလာမှုနဲ့အတူ ပြည်သူလူထု ထောက်ခံမှု မရရှိတော့တာဖြစ်သလို KNU တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ လိုက်လံချေမှုန်း တိုက်ခိုက်နိုင်တာတွေကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တာ ဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောဆိုထားပါတယ်။
ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုအပေါ် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာ၊ ပြည်သူနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတွေကို ယူဆောင်သွားတာ၊ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်လျက်ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေ ၁၂၉,၉၆၉ ဦး ရှိပြီး အရေးပေါ်လူသားချင်း စာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU