တနင်္သာရီ၊ အောက်တိုဘာ(၁၄)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သစ်တပင်နဲ့ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တိုင်း (ပကခ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ နဲ့ကမ္မလိုင်ရွာ အခြေစိုက် ခမရ ၅၅၈ တပ်ကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သစ်တပင်ရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို လယ်တောင်ယာရွာက ကလေးငယ်တစ်ဦးလည်း ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သစ်တပင်နဲ့ လယ်တောင်ယာကျေးရွာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကော့သောင်းမြို့နယ်တို့က အရပ်သားပြည်သူ ၂၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာအညွန်း- စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရစဉ်။

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.