ချန်းမဏိ


နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဒီမိုကရေစီအစိုးရနှစ်ဆက် အကောင်အထည်ဖော်ကြိုးပမ်းခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တာ အောက်တိုဘာ ၁၅ ရက်ဆို ၈ နှစ်ပြည့်ပါပြီ။


NCA ချုပ်ဆိုခဲ့တဲ့ နှစ်ပတ်လည်နေ့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက သံတမန်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။ 


သေချာတာကတော့ ဒီအခမ်းအနားကို စစ်ကောင်စီနဲ့ အလွမ်းသင့်တဲ့ သံတမန်တွေနဲ့ ဒေသတွင်းနိုင်ငံအချို့က ခေါင်းဆောင်တွေသာ တက်ရောက်ကြမယ်လို့ ယုံကြည်ရပါတယ်။
ဒီအခမ်းအနားမှာ တိုင်းရင်းသားရိုးရာပြခန်းကိုလည်း ထည့်သွင်းပြသမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာ ဝတ်စုံတွေဝတ်ဆင်ထားတဲ့ တိုင်းရင်းသားဇနီးမောင်နှံတွေပါဝင်တဲ့ ပြခန်းအဖြစ် သရုပ်ဖော်ထားပါတယ်။ 

စစ်ကောင်စီဟာ တိုင်းရင်းသားတွေကို ဒီလိုပြခန်းတွေမှာ Show Case အဖြစ် ဖော်ပြလေ့ရှိပြီး တကယ်မှာတော့ တိုင်းရင်းသားတွေအပေါ် တကယ်တမ်း တန်းတူ တန်ဖိုးထားသလား၊ တိုင်းရင်းသားတွေကို လေးစားသလား၊ တိုင်းရင်းသားအခွင့်အရေးတွေ ပေးသလားဆိုတာ စောကြောရမှာဖြစ်ပါတယ်။


စစ်ကောင်စီကျင်းပမယ့် NCA နှစ်ပတ်လည်အခမ်းအနားဟာ တကယ်တော့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံး၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့်အခမ်အနားသာ ဖြစ်တယ်ဆိုတာကို တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အရပ်သားပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်မှု၊ ဒုက္ခသည်ပေါင်း သန်းနဲ့ချီဖြစ်နေတဲ့ အခြေအနေတွေက မီးမောင်း ထိုးပြနေပါတယ်။

NCA အနှစ်သာရ တကယ်ရှိသေးသလား


အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ဟာ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်တယ်လို့ NCA စာချုပ်က နိဒါန်းပျိုးထားပါတယ်။

NCA ရဲ့ အမည်နာမဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုပေမယ့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးနီးပါး ယမ်းနံ့တွေ ဖုံးလွှမ်းပြီး သေနတ်သံတွေ ကျယ်လောင်လာတာ ကမ္ဘာသိငြင်းမရတဲ့ အချက်အလက်တွေနဲ့ ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။


အာဏာသိမ်းမှုနဲ့အတူ ရာနဲ့ချီ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ စစ်ကောင်စီတပ်တို့ကြား မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။


လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ် ဇူလိုင်အထိ တိုက်ပွဲအကြိမ်‌ရေ ၁၀,၀၀၀ ကျော် ဖြစ်ခဲ့ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရဲ့ နှစ်ဆကျော်ပါ။


ဒီအခြေအနေမှာ စစ်ကောင်စီက တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိဖို့ NCA စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမယ်လို့ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် နံပါတ် ၄ မှာ ထည့်သွင်းဖော်ပြထားပါတယ်။


ဒါပေမယ့် ဒီအချက်ဟာ စာရွက်ပေါ်မှာသာရှိတော့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိုက်မဲမှုကြောင့် သဲထဲရေသွန်ဖြစ်သွားပြီလို့ NCA လက်မှတ်ထိုးထားပြီး NCA ကို အယုံအကြည်မရှိတော့တဲ့ ဝါရင့်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးအသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“နောက်ဆုံးကျတော့ စစ်ကောင်စီဟာ (NCA) စာချုပ်စာတန်းပါ သဘောတူညီမှု အရာအားလုံး တစ်ခုမှ လေးစားလိုက်နာမှုမရှိဘဲနဲ့ အကုန်လုံး ချိုးဖောက်ပြီး အာဏာသိမ်းတာနဲ့ပဲ အဆုံးသတ်သွားတာ”လို့ သူက မှတ်ချက်ပြုပါတယ်။ 

Myanmar’s military chief Min Aung Hlaing stands in a car as he oversees a military display at a parade ground to mark the country’s Independence Day in Naypyidaw on January 4, 2023. – Myanmar’s junta announced an amnesty for 7,000 prisoners to mark Independence Day on January 4 following a show of force in the capital, days after increasing democracy figurehead Aung San Suu Kyi’s jail term to 33 years. (Photo by AFP) (Photo by STR/AFP via Getty Images)


NCA ချိုးဖောက်တဲ့ တရားခံအစစ် ဘယ်သူလဲ

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်နေတဲ့ BNI ရဲ့ Myanmar Peace Monitor ကနေ အပတ်စဉ် သုံးသပ်ချက်အစီရင်ခံစာအရ NCA စာချုပ်ပါ အခန်း ၁ အခြေခံမူတွေဟာ စစ်အာဏာသိမ်းမှုကြောင့် တိမ်မြှုပ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။


လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထူထောင်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ဖို့ဆိုတဲ့ အနှစ်သာရတွေပါ။


ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က လက်နက်အားကိုးပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးကာ နိုင်ငံ့အာဏာအရပ်ရပ် အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် လူဦးရေ ၁ ဒဿမ ၇ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


AAPP နဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူပေါင်း ၄၁၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ မြို့နယ်အားလုံးရဲ့ သုံးပုံတစ်ပုံမှာ နေအိမ်၊အဆောက်အအုံပေါင်း ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

NCA စာချုပ်ပါ အခန်း (၁) အခြေခံမူမှာတော့ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။


ဒါပေမယ့် NCA စာချုပ်ပါ အခန်း (၁) အခြေခံမူဟာလည်း အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေကိုကြည့်ရင် ဒီမူဟာလည်း သမိုင်းထဲမှာပဲ ကျန်ရစ်တော့မယ့် မူဖြစ်လာပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ အာဏာသိမ်းလိုက်တာကြောင့် NCA ကို ချိုးဖောက်တဲ့ တရားခံဟာ စစ်တပ်သာဖြစ်ပါတယ်။


“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဒီစစ်တပ်က အာဏာသိမ်းလိုက်တယ်ပေါ့။ အဲဒါကိုယ်၌က NCA စာချုပ်ရဲ့ မူတွေကို ချိုးဖောက်ပြီးသာ ဖြစ်တယ်” လို့ ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

အလုပ်မဖြစ်တဲ့ သဘောတူညီချက်တွေ


NCA စာချုပ်ပါ အခန်း (၃) ပုဒ်မ (၈) အရ တပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီး လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် ဘယ်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားပါတယ်။

တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း လက်နက်နဲ့ သွားလာဖို့ လိုအပ်လာရင် နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်နဲ့ သွားလာဖို့ကိုလည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သဘောတူခဲ့ကြတာပါ။


ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။

NCA စာချုပ်ပါ အခန်း (၃) ပုဒ်မ (၈) ချိုးဖောက်တာဟာလည်း စစ်တပ်သာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က ပြောပါတယ်။


“NCA နဲ့ ပတ်သက်တဲ့ဟာတွေ အားလုံးကို သူ (စစ်တပ်) ချိုးဖောက်တယ်။ အခုဒီမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ သူက(စစ်တပ်) ကျွန်တော်တို့ နေရာကိုလာလို့ တိုက်ပွဲဖြစ်တာ”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အပစ်ရပ်ထိုး EAO တချို့ရဲ့ ထိန်းချုပ်နယ်မြေထဲက နယ်စပ်အပါအဝင် ချင်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီက ကြည်း၊ရေ၊လေ စစ်ကြောင်းထိုး တိုက်ခိုက်နေပါတယ်။
ဒီအခြေအနေမှာ စစ်ရေးပစ်မှတ်တွေမဟုတ်တဲ့ အရပ်သားတွေထိခိုက်တာ၊ စာသင်ကျောင်းတွေပျက်စီးတာအပြင် ဘာသာရေး အဆောက်အဦးတွေပါ ထိခိုက်ပျက်စီးကုန်ပါတယ်။ 
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့နေအိမ်တွေကို မီးရှို့တာကလည်း ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါတယ်။ ပြည်သူ့နေအိမ်ပေါင်း ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီပျက်စီးမှုဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ အများဆုံး ပေါ်ပေါက်ခဲ့ပါတယ်။


မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် ဘယ်တုန်းကမှ လက်နက်ကိုင်တိုက်ပွဲ မရှိခဲ့ဖူးတဲ့ နိုင်ငံ့အလယ်ပိုင်း တပ်သားရေသောက်မြစ်ရှိရာ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း စစ်ကောင်စီက အင်အားသုံး ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တစ်ထောင်နီးပါးကြောင့် အနည်းဆုံး လူ ၂၈၀ ကျော် သေဆုံးခဲ့ရပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးခြင်းနဲ့ပတ်သက်ပြီး NCA စာချုပ်ပါ အခန်း ၃ ပုဒ်မ ၉ မှာတော့ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အချက် ၁၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ သဘောတူတယ်လို့ ဖော်ပြထားပေမယ့် လိုက်နာဖို့ ပျက်ကွက်သူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။


NCA အကာအကွယ်မပေးနိုင်တော့တဲ့ ပြည်သူ့ဘဝ လုံခြုံမှု

NCA စာချုပ်မှာတော့ ပြည်သူလူထူဆီက ငွေ၊ပစ္စည်းဥစ္စာ၊စားရေးရိက္ခာ၊လုပ်အားနဲ့ ဝန်ဆောင်မှုတွေကို အဓမ္မတောင်းခံရယူခြင်း မပြုရသလို အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးဖို့ပါ။


ပြည်သူလူထုကို အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူတာ၊ အပြစ်ပေးတာ လုံးဝမပြုလုပ်ဖို့နဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်ပြီး ပြည်သူလူထုကို ကျွန်ပြုတာ၊အဓမ္မခိုင်းစေတာ မပြုလုပ်ရဘူးလို့လည်း ပါရှိပါတယ်။


ဒါပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသူတွေအပေါ် စစ်ကောင်စီက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီး အရေးယူတာတွေ ဆက်တိုက်ပြုလုပ်လာနေသလို နယ်မြေမတည်ငြိမ်တဲ့ ဒေသတွင်းရှိ ပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်ရှိနေပါတယ်။

“ဓားစာခံအဖြစ် ဖမ်းခေါ်သူတွေကိုလည်း သူတို့တွေ (စစ်တပ်) မထင်ရင် မထင်တဲ့နေရာမှာ သတ်ဖြတ်တယ်။ ဖမ်းဆီးခံရသူတွေလည်း သာမန်အရပ်သားတွေပါပဲဗျ။ ဆိုတော့ စစ်ရာဇဝတ်မှုတွေကို သိသိသာသာ လွန်လွန်ကျူးကျူးကို ကျူးလွန်တယ်”လို့ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူတစ်ဦးက ဆိုပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တဲ့အခါ ပြည်သူတွေကို ပေါ်တာဆွဲပြီး ပစ္စည်းထမ်းခိုင်းတာ၊ လူသားဒိုင်းအဖြစ် အသုံံးပြုတာနဲ့ ကျေးရွာရှိ ပိုင်ဆိုင်မှုတွေကိုလည်း ဖျက်ဆီးတာတွေရှိနေပါတယ်။

NCA စာချုပ်မှာတော့ ပြည်သူလူထုအပေါ် အကြမ်းဖက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ပြန်ပေးဆွဲတာ၊ ညှင်းပန်းနှိပ်စက်တာ၊ လူသားမဆန်စွာ ပြုမူဆက်ဆံတာ၊ အကျဉ်းချတာ၊ သတ်ဖြတ်တာနဲ့ ဖျောက်ဖျက်ခြင်း မပြုရဘူးလို့ ဆိုပါတယ်။


ဒါပေမယ့် ဒီအချက်တွေဟာ စာရွက်ပေါ်မှာသာ ရှိတော့တယ်လို့ စစ်ကောင်စီကို တော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။ 


“NCA စာချုပ်ဆိုတာ စာရွက်ထဲမှာပဲ ရှိတယ်။အဲဒီ စာရွက်ပေါ်က ဟာတွေကို ဘယ်သူမှ သွားရုတ်သိမ်းတာတော့ မရှိဘူး။ဒါပေမယ့် NCA ကို ပျက်ပြယ်သွားအောင် စစ်ကောင်စီက စလုပ်တာ”လို့ ဆိုပါတယ်။

စစ်ကောင်စီဖွင့်ပေးတဲ့ ထောင်ချောက်တံခါး


စစ်အာဏာရှင်စနစ်အမြစ် ပြတ်ချေမှုန်းရေးကလည်း တဖြည်းဖြည်း အားကောင်းလာချိန်မှာ စစ်ခေါင်းဆောင်က EAO တွေအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စတင်ကမ်းလှမ်းခဲ့ပါတယ်။

ဒါဟာ အပစ်ရပ်ထိုးအဖွဲ့တွေထဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တဲ့ အဖွဲ့နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အစုအဖွဲ့ဆိုပြီး ဘက်နှစ်ဘက် ကွဲသွားအောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကန့်သတ်လိုက်ပါတယ်။


စစ်ကောင်စီဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NCA လမ်းကြောင်းအတိုင်း ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားကြောင်း အမြဲလိုလို ပြောဆိုခဲ့ပေမယ့် ဒီဖွင့်ထားတဲ့တံခါးဟာ ထောင်ချောက်သာ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချို့ သိရှိခဲ့ပါတယ်။

အပစ်ရပ်ထိုး ၇ ဖွဲ့နဲ့ မထိုးရသေးတဲ့ မြောက်ပိုင်း ၃ ဖွဲ့ တို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၆ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် အပစ်ရပ် ၃ ဖွဲ့ဖြစ်တဲ့ KNU ၊ CNF နဲ့ ABSDF တို့ဟာ စစ်ကောင်စီဖွင့်ပေးတဲ့ ထောင်ချောက်တံကားကို မဝင်ကြတော့ပါဘူး။


ဒါ့ကြောင့် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ပူးပေါင်းပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စနစ်ပြောင်းတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတာပါ။ 


ဒါ့ပြင် စစ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ဟာ စစ်တပ်က ချိုးဖောက်ပြီးသားဖြစ်တဲ့အတွက် ပျက်ပြယ်သွားပြီဖြစ်သလို နိုင်ငံရေးပြဿနာဖြေရှင်းရေးမှာ လက်တွေ့မကျတော့ဘူးလို့ တော်လှန်ရေး EAO သုံးဖွဲ့က ပြောဆိုထားကြတာပါ။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ အပစ်ရပ်ထိုးအဖွဲ့တချို့ကတော့ NCA စာချုပ်ဟာ တရားဝင်တည်ရှိပြီး ပျက်ပြယ်တဲ့ စာချုပ်မဟုတ်ဘူးလို့ ပြောဆိုကြသလို တချို့အဖွဲ့ကတော့ NCA အပေါ် လေသံတိတ်နေကြပါတယ်။


 “ဒီစာချုပ်ကို ပျက်ပြယ်တယ်လို့ ပြောလို့မရဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အားလုံးက ဒီစာချုပ် တရားမဝင်တော့ပါလို့ ကြေညာပြီးမှပဲ ဒီစာချုပ်က ပျက်ပြယ်ရာရောက်ပါတယ်။ အခုနိုင်ငံရေး အခြေအနေအရ တစ်ဦးနဲ့ တစ်ဦး အမြင်မတူတာ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အမြင်မတူတာတွေတော့ ရှိတတ်ပါတယ်” လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ကာကွယ် ပြောဆိုပါတယ်။


ဒီလိုမျိုး အပစ်ရပ်ထိုး EAO တွေအားလုံးရဲ့ မတူညီတဲ့ နိုင်ငံရေးရပ်တည်ချက်ကလည်း NCA စာချုပ်အပေါ် ကွဲအက်စေတဲ့ အစိတ်အပိုင်းတွေအဖြစ် ပြောင်းလဲသွားခဲ့တာဟာ ပကတိအရှိတရားဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

NCA တကယ်လိုအပ်သေးလား


NCA စာချုပ်ကို လိုက်နာစေရေးဆိုပြီး စာချုပ်ပါ အခန်း (၄) ပုဒ်မ ၁၂ အရ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်ထားရပါတယ်။

ဒါ့အပြင် အစိုးရ၊လွှတ်တော်နဲ့ တပ်မတော်တို့ ပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ်ထိုး EAO အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ဆိုပြီး ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကလည်း မလည်ပတ်နိုင်ခဲ့ပါဘူး။


“သေချာတာတစ်ခုကတော့ ၂၀၂၁ နောက်ပိုင်းကနေ စပြီး NCA မှာ လုပ်နေတဲ့ လုပ်ငန်းတွေအကုန်လုံး ရပ်တန့်သွားတယ်။NCA အသက်မဝင်တော့ဘူးဆိုတာတော့ လက်တွေ့ပကတိအရှိတရားပဲ ဖြစ်ပါတယ်”လို့ အပစ်ရပ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဩဂုတ် တတိယပတ်မှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မိမိတို့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA စာချုပ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့ အက်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်းကြီးကို အစည်းအဝေးတွေ မိန့်ခွန်းတွေမှာ ဖွင့်ဟနေကျပါ။


ဒါကြောင့်လည်း စစ်တပ်အာဏာသိမ်းယူမှု နှစ်နှစ်ခွဲကျော်အတွင်း ပြည်တွင်းစစ်မီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်လာနေတဲ့အပေါ် စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် NCA စာချုပ်ကိုသာ ဆွဲကိုင်နေတာ ဖြစ်ပါတယ်။


ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ “NCA စာချုပ်တစ်ခုလုံးဟာ စစ်ကောင်စီဘက်က ဟန်ပြပဲ သုံးနေတာ ဖြစ်တယ်။ အဲဒီမှာ ပါတဲ့အချက်အလက်တွေကို ဘာမှ ထိထိရောက်ရောက် လိုက်နာကျင့်သုံးတာ မရှိဘူး”လို့ ထောက်ပြပါတယ်။


လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ အပစ်ရပ်ထိုး ၃ ဖွဲ့တို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်ဆင် လှုပ်ရှားနေပါတယ်။


တစ်ဖက်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ CRPH ၊ NUG၊ PDF တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိဘူးလို့ အခုနှစ် ဩဂုတ် ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်စုက အတိအလင်းပြောဆိုထားတာပါ။


ဒါကြောင့် NCA စာချုပ်ကို အကြောင်းပြုပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး စဉ်းစားချက်ဟာ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ဖြစ်နိုင်ချေ အလွန်နည်းပါးတယ်လို့ Myanmar Peace Monitor ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။


အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြေတည်တဲ့ စာချုပ်ဖြစ်ပြီး စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံကို ကျော်လွန်ကာ အာဏာသိမ်းမှုကြောင့် NCA စာချုပ် တကယ် လိုအပ်သေးလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ဒီလိုအနေအထားမျိုးမှာ NCA နဲ့သွားလို့ ဘယ်လိုမှ အာမခံချက် မရှိနိုင်ဘူး။ NCA က ၂၀၀၈ ကို အခြေခံထားတာ ဖြစ်တယ်။၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လိုမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။


သမိုင်းထဲက NCA


NCA စာချုပ်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင်တို့က နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။


အသိသက်သေအနေနဲ့ ကုလသမဂ္ဂအပါအဝင် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်းစတဲ့ နိုင်ငံတကာသံတမန်တွေ ပြည်တွင်းအသိသက်သေတွေရှေ့ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။


ဒီနှစ်မှာတော့ အာဏာသိမ်းစစ်ကောင်စီက NCA ၈ နှစ်ပြည့် အခမ်းအနားကို နိုင်ငံအဆင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ တာစူနေတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံးဟာ လမ်းမပေါ် ဆန္ဒပြပွဲမှာ သွေးစွန်းခဲ့ရသလို အကျဉ်းထောင်တွင်း ဖမ်းဆီးနှိပ်စက်မှုတွေအလယ် ပြည်တွင်းစစ်မီးရဲ့ သေနတ်သံတွေကြား အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းများစွာနဲ့ အမျိုးမျိုးသော ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စု ဦးဆောင်လုပ်မယ့် NCA နှစ်ပတ်လည် ပွဲဟာလည်း ဆင်သေကို ဆိတ်သားရေနဲ့ဖုံး၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် အခမ်အနားသာဖြစ်ပါလိမ့်မယ်။


ဒီလိုမျိုး အရပ်သားပြည်သူတွေ နည်းမျိုးစုံနဲ့ စစ်အာဏာရှင်စနစ်ယန္တရားရဲ့ ဖိနှိပ်မှုဒဏ် ခံစားနေရချိန်မှာ NCA စာချုပ်ပါ စကားလုံးတွေဟာ အကာအကွယ်မပေးနိုင်တဲ့အပြင် ယမ်းငွေ့တွေကြား လွှင့်စင်ပျောက်ကွယ်သွားပြီဆိုတာ သက်သေထူနေပါတယ်။ 

ဒီလို ပြည်သူအပေါ် အကာကွယ်မပေးနိုင်တဲ့ NCA စာချုပ်ဟာ တစ်ခန်းရပ်သွားပြီလို့ ရဲဘော်ဆလိုင်းယောအောင်က ပြောလိုက်ပါတယ်။


“ရှေ့အနာဂတ်ခရီးကတော့ NCA နဲ့ ကျွန်တော်တို့ သွားလို့မရတော့ဘူး။ NCA ကတော့ တစ်ခန်းရပ်သွားပြီလို့ ပြောရမှာပေါ့ဗျာ။ နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်လာတာနဲ့အတူ အဲဒီအခင်းအကျင်းနဲ့ပဲ ကျွန်တော်တို့ ဆက်ပြီးတော့ လျှောက်လှမ်းသွားကြရမယ်”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.