မော်လမြိုင်၊ အောက်တိုဘာ(၁၄)

မြန်မာနိုင်ငံမှာ အခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားကုန်သွယ်မှုဝင်ငွေ ဘီလီယံနဲ့ချီ ကျဆင်းလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံခြားကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ အမေရိကန်ဒေါ် လာ ၁၆ ဘီလီယံကျော်အထိ ကုန်သွယ်နိုင်ခဲ့ပေမယ့် အခုဘဏ္ဍာရေးနှစ်ကာလတူ ကာလအတွင်း ကန်ဒေါ်လာ ၁၅ ဘီလီယံကျော်သာရှိတဲ့အတွက် ဒေါ်လာတစ်ဘီလီယံကျော် ကုန်သွယ်မှုကျဆင်းလာတာပါ။

ဒါ့အပြင် နိုင်ငံခြားကုန်သွယ်မှုမှာတော့ အခုဘဏ္ဍာရေးနှစ် ၆ လအတွင်း ပို့ကုန်ကဏ္ဍမှာ ကန်ဒေါ်လာ ၇ ဘီလီယံသာ ရရှိထားပေမယ့် သွင်းကုန်ကဏ္ဍမှာ ကန်ဒေါ်လာ ၈ ဘီလီယံကျော်အထိရှိခဲ့တာကြောင့် တစ်ဘီလီယံကျော် ကုန်သွယ်မှုလိုငွေပြနေတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံခြားကုန်သွယ်မှုဟာ လာမယ့်ပွင်းလင့်ရာသီမှာလည်း တိုး တက်လာဖို့ မရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ဘတ်ဂျက်လိုငွေပြမှု အခြေအနေနှစ်ရပ်စလုံးနဲ့ ထပ်မံကြုံတွေ့လာရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပွင့်လင်းရာသီမှာ ပို့ကုန်ဘယ်ဟာမျှော်လို့ရလဲဆိုတော့ အခုလက်ရှိအနေအထားကတော့ စိုက်ပျိုးရေးပို့ကုန်ပဲ မျှော်လို့ရမယ်။ ဆိုတော့ စိုက်ပျိုးရေးပို့ကုန်ကလည်း ဆန်ကပြည်တွင်းမှာကို ဈေးတက်နေတော့ ဒီပို့ကုန်လည်း ထိန်းပြီးတော့ လွှတ်နေရတယ်။ ပို့ကုန်လည်းအများကြီးတော့ သိသိသာသာ တက်စရာတော့မရှိဘူး။ နောက်တစ်ခုက ပုဂ္ဂလိကကဏ္ဍမှာ အဓိကပို့တဲ့ထိပ်ဆုံးက ပို့တဲ့ပို့ကုန်ကကျတော့ အထည်ချုပ်ပဲ။ ဒါပေမယ့် ဒီဟာတွေကလည်း ပြဿနာတွေအမျိုးမျိုး၊ နောက်ဒီအထည်ချုပ်ကိုလည်း အခုကတဖြည်းဖြည်းနဲ့ အရင်လို လိုက်ပိတ်တာမဟုတ်ဘူး။ လုပ်ငန်းအလိုက်ကို ပိတ်တာပေါ့။ အလုပ်သမားအခွင့်အရေး ချိုးဖောက်လို့ ဘာလို့ဆိုပြီးတော့မှ ဆန္ဒပြတာတွေဖြစ်တော့ တကယ့်အမှတ်တံဆိပ်ကောင်းတွေက မြန်မာပြည်ကို သိပ်မအပ်တော့ဘူး။ ဆိုတော့ အဲဒီအထည်ချုပ်ပိုင်းကလည်း သိပ်ပြီးပေးစရာမရှိဘူး၊ ပွင့်လင်းရာသီမှာ နည်းနည်းပါးပါး တိုးကောင်းတိုးနိုင်တာတော့ စိုက်ပျိုးရေးပို့ကုန်ပေါ့။ စိုက်ပျိုးရေး ထွက်ကုန်လောက်ပဲ ရှိရင်ရှိမယ်။ နယ်စပ်ကုန်သွယ်ရေးမှာလည်း လိုငွေပြတယ်။ နောက်ဘတ်ဂျက်မှာလည်း လိုငွေပြရင် ကုရတော်တော်ခက်တယ်။ မြန်မာပြည်က အဲဒီအခြေအနေနှစ်မျိုးလုံးနဲ့ ကြုံနေရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားကုန်သွယ်မှုတွေ ပြန်လည်မြင့်တက်လာဖို့အတွက် ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွေမှာ ထုတ်ပြန်ထားတဲ့ မလိုလားအပ်တဲ့ ညွှန်ကြားချက်တွေကို ပြန်ရုပ်သိမ်းဖို့လိုသလို နိုင်ငံခြားငွေကြေးဈေးနှုန်းတွေလည်း တည်ငြိမ်ဖို့ လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း နိုင်ငံခြားကုန်သွယ်မှုတွေ မြင့်တက်လာဖို့ဆိုရင် ပြည်တွင်းထုတ်ကုန် ထုတ်လုပ်နိုင်ဖို့အတွက် ငွေဈေးနှုန်းတည်ငြိမ်ဖို့နဲ့ လျှပ်စစ်မီးမှန်အောင် အရင်ဆုံးလုပ်ဆောင်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က အဓိကငွေဈေးနှုန်းတွေကလည်း တည်ငြိမ်ဖို့လိုတာပေါ့နော်။ နောက်လျှပ်စစ်မီး ကောင်းကောင်း ရဖို့ပေါ့နော်။ ငွေဈေးတွေ ကမောက်ကမ ဖြစ်နေလို့ရှိရင်လည်း အတက်ကြမ်းတယ်၊ အကျကြမ်းတယ်ဆိုရင်လည်း အဆင်မပြေဘူးပေါ့။ နောက်လျှပ်စစ်မီး ကောင်းကောင်းမရရင်လည်း အဲဒီမှာရတဲ့အမြတ်နဲ့ ဒီဆီဖိုးနဲ့ပဲ ပြန်ပါသွားတာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံရေးတည်ငြိမ်မှုပေါ့။ လုံခြုံရေးပိုင်းတွေ အခု သွားတာ၊ လာတာ အခက်အခဲရှိတာပေါ့။ အလုပ်သမားတွေငှားဖို့ အခက်အခဲဖြစ်လာတယ်။ အဲဒါတွေက ကုန်ထုတ်လုပ်မှုမှာ သွားပြီးတော့ထိခိုက်တာပေါ့။ အဲဒီမှာထိခိုက်တာနဲ့ လူတွေရဲ့ဝင်ငွေတွေကျတယ်။ ကျတာနဲ့ ဝယ်နိုင်ခြမ်းနိုင်တဲ့ အားကလည်းနည်းတယ်။ ဒါကအားလုံးက ဆက်စပ်နေတာပေါ့လေ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပနိုင်ငံတွေကို စိုက်ပျိုးရေး ထုတ်ကုန်တွေ၊ သတ္တုတွင်းထွက်ပစ္စည်းတွေ၊ သစ်တောနဲ့ ရေထွက်ကုန်ပစ္စည်းအပါအဝင် ဒေသထွက်ကုန်တချို့ တင်ပို့နေသလို ပြည်ပနိုင်ငံတွေက လူသုံးကုန်း၊ ဆေးဝါး၊ စားသောက်ကုန်အပါအဝင် အထွေထွေလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေကို အဓိကတင်သွင်းနေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်ထက် ကုန်သွယ်ရေးလိုငွေပြမှု ပြဿနာကြောင့် မြန်မာငွေတန်ဖိုးကျဆင်းလာတာ၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေဟာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါ ကျဆင်းလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.