မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ကရင်နီပြည်မှ PDF များသည် ခရီးသွားပြည်သူများကို လက်နက်ပြ၍ ခြိမ်းခြောက်ကာ ဓားပြတိုက်”ဆိုတဲ့ တပ်လော်ဘီတွေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စက်တင်ဘာ ၂၅ ရက်နေ့က မှိုင်းဝေ၊ ရန်ကြီးအောင်၊ Han Nyein Oo စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိပါတယ်။
ဖြစ်စဉ်အမှန်မှာတော့ ကရင်နီ အမျိုးသားကာကွယ်ရေး တပ်မတော် (KNDF) တပ်ရင်း (၁၂) ရဲ့ အမျိုး သမီးရဲမေတွေက KNDF ရဲ့ စိုးမိုးနယ်မြေမှာ လုံခြုံရေးစစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်နေတာကို စက်တင်ဘာ ၂၁ ရက်နေ့က Karenni Nationalities Defense Force – KNDF တပ်ရင်း(၁၂) ရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။
ဓာတ်ပုံနှင့် အကြောင်းအရာသည် သက်ဆိုင်ခြင်းမရှိဘဲ ဖန်တီးထားသည့် အကြောင်းအရာအမှားဖြစ်ပြီး စစ်တပ်ထောက်ခံသူများသည် လိုသလိုပုံဖျက်ရာ သတင်းအမှားတွေဖြန့်ဝေနေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
Karenni Nationalities Defense Force – KNDF တပ်ရင်း (၁၂)ရဲ့သတင်းထုတ်ပြန်ချက်လင့်
PVTV သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ကရင်နီပြည်မှ PDF များသည် ခရီးသွားပြည်သူများကို လက်နက်ပြ၍ ခြိမ်းခြောက်ကာ ဓားပြတိုက်နေ”ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်