ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၁၄)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူလူထုတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေကျေးရွာနဲ့ မုဒုံမြို့နယ် တောင်ညိုတောင်တန်းကနေတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုဘက်ခြမ်းကို စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မြို့ဟောင်း၊ ခလယ်ရွာလေးနဲ့ ခလယ်ကျေးရွာထဲက လူနေအိမ်နဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့ တံခွန်တိုင်ကျေးရွာမှာရှိတဲ့ ရဲစခန်းဘက်ကို ဦးတည်သွားရောက်ဖို့ ရှိနေတာပါ။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုဟာ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲမှာရှိပြီး အဲဒီကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိခဲ့သလို အရပ်သားပြည်သူ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.