မုဒုံ၊ သြဂုတ်(၂၉)
ဩဂုတ် ၃၁ ရက်နေ့မှာ ကျရောက်မယ့် ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရဝင်းအတွင်းရှိ မွန်အာဇာနည်ကုန်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ အခမ်းအနား ကျင်းပရေးကော်မတီကနေ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားတဲ့ နှစ်ကစပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်တော်လှန်ရေးနေ့အခမ်းအနားကို အွန်လိုင်းကနေပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့ ဝင်းစိန်တောရရှိ မွန်အာဇာနည်ကုန်းမှာ ပြန်လည်ကျင်းပသွားဖို့ ပြင်ဆင်ထားတာပါ။
မဟာဝါဒီ အာဏာရှင်အဆက်ဆက်ကို အသက်သွေးချွေးစတေးပြီး လွတ်မြောက်ရေးအတွက် တော်လှန်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို မျိုးဆက်သစ်တွေက လွမ်းဆွတ်ချီးမြှင့်ဂုဏ်ပြုရင်း တော်လှန်ပန်းရဲ့ အဖူးအပွင့်တွေကို ထိန်းသိမ်းကာ အောင်မြင်တဲ့အထိ ကြိုးစားရုန်းကန်သွားမယ်လို့ မွန်တော်လှန်ရေး နေ့အတွက် ကျင်းပရေးကော်မတီက ထုတ်ပြန်ထားတာပါ။
ဒီနှစ်မှာ ကျရောက်မယ့် မွန်တော်လှန်ရေးနေ့ရဲ့ ကြွေးကြော်သံဟာ “တော်လှန်အင်အားကြီးမှ လူမျိုးအခွင့်အရေး ပေါ်ပေါက်မယ်” ဆိုတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ ရုပ်ပုံပါတဲ့ ဆိုင်းဘုတ်ကို ဝင်းစိန်တောရ မုဒ်ဝအရှေ့ မျက်နှာစာမှာ စိုက်ထူထားတာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း မွန်တော်လှန်ရေးနေ့အကြိုအဖြစ် မော်လမြိုင်မြို့ပေါ်အပါအဝင် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းကျေးရွာနဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ညီစားစခန်းအတွင်း မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးကန်ပြိုင်ပွဲ ကျင်းပကြတာလည်း ရှိနေပါတယ်။
မွန်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိဖို့ ဖဆပလအစိုးရလက်ထက် ခေတ်သစ်မွန်လူငယ်တွေက ကရင်ပြည်နယ်၊ဇာသပြင်ကျေးရွာရှိ ရဲစခန်းက လက်နက်တွေကို စီးနင်းသိမ်းပိုက်ရာကနေ အစပျိုးခဲ့တာပါ။
ဒါကြောင့် ဇာသပြင်ကျေးရွာမှာ သန္ဓေတည်ခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးကို အစွဲပြုပြီး ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဘုရားသုံးဆူဒေသနဲ့ ဗဟိုဌာနချုပ်တို့မှာလည်း ကျင်းပလေ့ရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MYF