ထားဝယ်၊ သြဂုတ်(၂၆)
ဓါးစားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုထံကနေ သိရပါတယ်။
သားဖြစ်သူကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာနေ ဖခင်ဖြစ်သူ ဦးအောင်ဖေကို နေအိမ်မှာ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။
အဲဒီနောက် စစ်ကောင်စီဟာ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး သြဂုတ် ၂၃ ရက်နေ့မှာ လောင်းလုံးမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးစဉ် ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုနဲ့ အကျီင်္တစ်ထည်တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
ကိုမင်းလွင်ဦးကတော့ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိတဲ့ ဖခင်ဖြစ်သူကို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုဟာ တရားစီရင်ယန္တရားတစ်ခုလုံး ဥပဒေစံနှုန်းတွေ မရှိတော့ဘူးဆိုတာ ပြသနေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
စစ်ကောင်စီဟာ ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို လာရောက်ဖမ်းဆီးစဉ် နေအိမ်ကနေ ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၈ သိန်းကိုလည်း အတင်းအဓမ္မယူဆောင်သွားတယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ကိုမင်းလွင်ဦးကို စစ်ကောင်စီက တိုင်းပြည်ဆူပူအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပေးသူတွေကို ကျပ်သိန်း ၃၀၀ ဆုချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Min Lwin Oo