မြိုင် – ဩဂုတ်(၂၂)

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတဲ့ မြိုင်(ပ.က.ဖ)အဖွဲ့ဝင်ဟောင်းဟာ နယ်မြေထဲက အရေးကြီးတဲ့ စခန်းနေရာတွေကို ဒလန်လုပ်ပြီး လိုက်ပြနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အရေးကြီးပြောင်းရွှေ့ကြဖို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

တက်တူးဆိုသူဟာ မြိုင်(ပ.က.ဖ)ဆီက သေနတ်ခိုးယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားသူဖြစ်ကာ ပခုက္ကူခရိုင်အတွင်းက အရေးပါတဲ့ စခန်းတွေကို မြေပုံအတိအကျနဲ့ လိုက်လံပြသူနေတာဖြစ် တယ်လို့ သိရပါတယ်။

“ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံတို့နေထိုင်တဲ့ ရွာတွေကိုဖော်တယ်။ မြို့နယ်နဲ့ ထိစပ်နေတဲ့ အခြား ကာကွယ်ရေးစခန်းတွေကိုလည်း မြေပုံအတိအကျနဲ့ ထွက်ဆိုထားတယ်လို့ အတွင်းသတင်း အရသိရတယ်။ လုံခြုံစိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ကြဖို့လိုပါတယ်။”လို့ မြိုင်(ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သူဟာ ပ.က.ဖ တာဝန်ခံနဲ့ ဒုတိယတာဝန်ခံတွေ နေထိုင်တဲ့ ရွာသစ်ကုန်းကျေးရွာနဲ့ မြသိန်းတန်ကျေးရွာတွေကိုလည်း စစ်ကောင်စီထံ သတင်းပေးခဲ့ပြီး မြို့နယ်အတွင်းနဲ့ တခြား ထိစပ်မြို့နယ်က စခန်းတွေကိုလည်း သတင်းပေးခဲ့တာပါ။

လက်ရှိမှာတော့ ဖော်ထုတ်ခံထားရတဲ့ စခန်းတွေကို စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာကြောင့် အဲဒီနေရာတွေက အရေးကြီးစွန့်ခွာဖို့လိုတယ်လို့ မြိုင်(ပ.က.ဖ) က သတင်းထုတ်ပြန်ထားပါတယ်။

ပတ်ဝန်းကျင်ကျေးရွာက ပြည်သူတွေကိုလည်း လေကြောင်းအသိ လေကြောင်း သတိရှိဖို့ လှုံ့ဆော်ထားပြီး ကျေးရွာတွေအတွင်း မနေထိုင်ဘဲ တောတောင်တွေမှာသာ ခေတ္တနေ ထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပခုက္ကူခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီဘက်ကို ခိုလှုံသွားသူ(၇) ဦးနဲ့အထက်ရှိနေပြီး အများစုဟာ ငွေရေးကြေးရေးပြဿနာတွေရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်ဟာ ပုလဲ၊ဆားလင်းကြီး၊ပေါက်၊ပခုက္ကူနဲ့ ရေစကြိုစတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေပြီး မြေပုံအတိအကျနဲ့ ဖော်ထုတ်နေတာကြောင့် လေကြောင်းအန္တရာယ် သတိပြုဖို့ မြေပြင်အဖွဲ့တွေ ကိုအသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင်(ပ.က.ဖ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.