လားရှိုး – ဩဂုတ်(၂၁)
ရှမ်းပြည်နယ်၊ လားရှိုးမြို့နဲ့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၉) ရက်နေ့မှာ တစ်ရက်အတွင်း တိုက်ပွဲ(၃) ကြိမ်တိုင်ဖြစ်ပွားခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် လားရှိုးမြို့နယ်မှာ တိုက်ပွဲ(၁) ကြိမ် ဖြစ်ပွားပြီး ကွတ်ခိုင်မြို့မှာ (၂)ကြိမ်ထိတွေ့မှုဖြစ်ခဲ့တာပါ။
လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ TNLA တပ်ရှိတဲ့ သိန္နီကို ကား(၂)စီးနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ဖြစ်တယ်လို့ ဆိုထားပြီး ကွတ်ခိုင်မြို့နယ် မန်ပန်မှာလည်း စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့ကနေ နမ့်ဖက်ကာကို ကား(၂၁)စီးနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
လက်တလောဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဘက် ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိတဲ့အတွက် သံလွင်တိုင်းမ် အနေနဲ့ TNLA တာဝန် ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၃) ရက်နေ့တည်းကအာဏာသိမ်းစစ်ကောင်စီနဲ့ TNLA တပ်တို့ရဲ့ ထိတွေ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၅) ဦးထက်မနည်း သေဆုံးထားပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ TNLA က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA