မုံရွာ – ဩဂုတ်(၁၆)

စစ်ကိုင်းတိုင်း၊မုံရွာအကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်ကို သွားတဲ့ အချုပ်ကား မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်လို့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က အကြောင်းကြားလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့က မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို မုံရွာကနေ မန္တလေးနဲ့ မြင်းခြံထောင်တွေကို ပြောင်းရွှေ့ချိန် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် အကျဉ်းသားနှစ်ဦးသေဆုံးခဲ့ရတာပါ။

” မနေ့က မိသားစုကို ဓာတ်ပုံတွေပို့ပြီး အကြောင်းကြားလာတာပါ။ ဓာတ်ပုံထဲမှာ သံချေကျင်း တွေခတ်ထားတာပါတယ်။ မိုင်းဆွဲခံရတာဘယ်နေရာလဲဆိုတာလည်း တိတိကျကျတော့မသိရသေးဘူး။ ဒီလုပ်ရပ်နဲ့ ပတ်သတ်ပြီး Myanmar SCM – Magway Region အနေနဲ့ ရှုံ့ချပါတယ် ဒါက စစ်ကောင်စီဘက်က လုပ်တယ်လို့ ပဲ ယူဆတယ်။” လို့ Myanmar SCM ရဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုနေမွန်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် ကျဆုံးသွားသူတွေထဲမှာ မကွေးဆေးတက္ကသိုလ် ကျောင်းသားဟောင်း ကျောင်းသား ခရစ်ယာန်လှုပ်ရှားမှု(SCM) ခေါင်းဆောင် ဒေါက်တာဇော်ထွယ်အောင်နဲ့ ဘုတလင်မြို့က ကိုအာကာငြိမ်းချမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဆီ ပြန်လည်ပေးဆောင်တာမရှိဘဲ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သဂြိုလ်လိုက်တယ်လို့ သိရပြီး မိသားစုတွေဆီကို ဓာတ်ပုံသာ ပေးအပ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ လက်ရှိအချိန်ထိမသိရသေးဘဲ ထောင်ပြောင်းလိုက်လာတဲ့ စစ်ကောင်စီ တပ်သား(၄) ဦးလည်း သေဆုံးခဲ့ကာ တခြားနိုင်ငံရေးအကျဉ်းသားလည်း ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်၊အချုပ်ထောင် တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်နေတာ(၂၀)ထက်မနဲ ရှိလာပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီအချုပ်သားပြောင်းရွှေ့စဉ်(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.