မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “မော်လမြိုင်-ရေး-ထားဝယ် ပြည် ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားယာဉ်များကိုPDF တွေက လက်နက်ပြဆက်ကြေးတောင်းနေ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ခင်ညိုချော၊ ဘသန်း၊ Han Nyein Oo တယ်လီဂရမ်ချန်နယ်နဲ့ We love Myanmar, မျိုးချစ်စတဲ့ အွန်လိုင်းမှာ ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းအမှတ်(၈) လမ်းမကြီးမှာ ဖြတ်သန်းသွားတဲ့ ယာဉ်တွေကို Taung Nyo Column – P29906 တောင်ညိုစစ်ကြောင်းက အမျိုးသမီးစစ်သည်များက လုံခြုံရေးယူ စစ်ဆေးနေတဲ့ ဓာတ်ပုံများဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများသယ်ဆောင်နေတဲ့ ယာဉ်များက အရပ်သားအသွင်ယူကာ လက်နက်များ သယ်ဆောင်နေခြင်းများ ပြုလုပ်နေသဖြင့် တောင်ညိုစစ်ကြောင်းက အမျိုးသမီးစစ်သည်များအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အများပြည်သူလုံခြုံရေးအတွက် ဖြတ်သန်းသွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးနေခြင်းဖြစ်တယ်လို့ လွတ်လတ်သော သတင်းမီဒီယာများရဲ့သတင်းဖော်ပြချက်အပြင် Taung Nyo Column – P29906 တောင်ညိုစစ်ကြောင်းက သတင်း ထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို ရယူကာ စစ်တပ်ထောက်ခံသူ အကောင့်တွေက တယ်လီဂရမ်ချန်နယ်တွေမှာ လိုရာဆွဲရေးသားကာ ဖြန့်ဝေနေတဲ့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
Taung Nyo Column – P29906 တောင်ညိုစစ်ကြောင်း သတင်းထုတ်ပြန်ချက်
Mizzima သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မော်လမြိုင်-ရေး ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားယာဉ်များကို PDFတွေက လက်နက်ပြဆတ်ကြေးတောင်းနေ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်