ရန်ကုန်၊ သြဂုတ်(၁၆)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ စစ်တပ်နဲ့ EAO တပ် ဖွဲ့ဝင်တွေ လွတ်လပ်စွာသွားလာခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေတယ်လို့ အပစ်ရပ်ထိုး EAO ခေါင်းဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က လက်မှတ်ရေးထိုး အစပျိုးခဲ့တာပါ။

အဲဒီနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးလာခဲ့ပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က NCA ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ တစ်ဖက်ထိန်းချုပ်နယ်မြေထဲလက်နက်ကိုင်ဆောင်ပြီး သွားလာချင်ရင် နှစ်ဖက်ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူပြီးမှ သွားလာလို့ရတယ်လို့ ဆိုပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်ထိန်းချုပ်နယ်မြေထဲမှာ လက်နက်ကိုင်ဆောင်ပြီးတော့ သွားလာချင်တယ်ဆိုရင် နှစ်ဖက်ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူပြီးမှ သွားလာဖို့ လိုအပ်တယ်ဆိုတာကိုတော့ နားလည်မှုရှိပါတယ်။ စာချုပ်မှာလည်း အဲဒီအတိုင်းပဲ ဖော်ပြပါရှိပါတယ်ခင်ဗျ။ သို့သော်လည်းပဲ NCA ထိုးပြီး နောက်ပိုင်းကနေစပြီး ကျွန်တော်တို့က ဘယ်နယ်မြေကတော့ ထိန်းချုပ်နယ် မြေဖြစ်တယ်၊ ဘယ်နယ်မြေကတော့ သတ်မှတ်နယ်မြေဖြစ်တယ်စသဖြင့် အဲဒီလိုမျိုး နယ်မြေပိုင်းဆိုင်ရာကိစ္စရပ်တွေ အကြေအလည်ညှိနှိုင်းဆောင်ရွက် အကောင်အထည်ဖော် လုပ်ကိုင်နိုင်တဲ့ လုပ် ငန်းတွေက ကျွန်တော်တို့ အပြီးပြတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး”လို့ သူက ဆိုပါတယ်။

NCA စာချုပ်ပါ အခန်း (၃) ပုဒ်မ ၈ ပါ စစ်တပ်နဲ့ EAO တပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားခွင့်နဲ့ပတ်သက်ပြီး လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် ဘယ်နေရာမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားတာပါ။

ဒါပေမယ့် တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့နယ်မြေအတွင်း လက်နက်နဲ့သွားလာဖို့ လိုအပ်ရင် နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်နဲ့ သွားလာဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ထိန်းချုပ်နယ်မြေအပေါ် အငြင်းပွားမှုတွေရှိနေပြီး တစ်ဖွဲ့ချင်းအလိုက် ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေးမှာတော့ နယ်မြေသတ်မှတ်ချက်တွေပါတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထိန်းချုပ်နယ်မြေဟာ ဘယ်ဟာလဲဆိုတာ နည်းနည်းတော့ အငြင်းပွားတာရှိတယ်။ တချို့ကျတော့လည်း အပစ်ရပ်တွေက အပစ်ရပ်တဲ့နေရာတိုင်းက သွားလာလို့ရတယ်ထင်တာ။ တကယ်တော့ အပစ်ရပ်လို့ သတ်မှတ်တဲ့နယ်မြေက နှစ်ဖက်ညှိနှိုင်းသတ်မှတ်ထားတာ ရှိပါတယ်။ အထူးသဖြင့်တော့ Bilateral လို့ခေါ်တဲ့ ပြည်နယ်အစိုးရနဲ့ တစ်ဖွဲ့ချင်းလက်မှတ်ထိုးတဲ့နေရာမှာ နယ်မြေသတ်မှတ်ချက်တွေ ပါတယ်။ အဲဒီစာချုပ်ထဲမှာပါတဲ့ နယ်မြေကတော့ ဘယ်သူမှမငြင်းပါဘူး။ အဲဒီနယ်မြေထဲမှာတော့ ဒီအတိုင်းလုပ်ရပါတယ်။ စာချုပ်ထဲမှာမပါတဲ့ နယ်မြေအပြင်ရောက်ရင်တော့ အငြင်းပွားတာ ရှိတတ်ပါတယ်။ ဒါကြောင့်စာချုပ်ချုပ်တုန်းက နယ်မြေတွေ သေသေချာချာ မလုပ်ထားတဲ့အဖွဲ့တွေဆိုရင် ပြဿနာပေါ်တတ်ပါတယ်”လို့ သူက ဆိုပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာနယ်မြေ ပြည်နယ်အစိုးရနဲ့ တစ်ဖွဲ့ချင်း Bilateral လို့ခေါ်တဲ့ နှစ်ဖက်အပစ်ရပ်စာချုပ်ကို ရေးထိုးခဲ့ကြရတာပါ။

ဒါပေမယ့် တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေကို စစ်တပ်က နိုင်ငံအနှံ စစ်မျက်နှာဖွင့်ပြီး မြေပြင်စစ်ဆင်ရေးတွေ၊ လက်နက်ကြီးပစ်ခတ်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-Sမှာ ပါ ဝင်ခဲ့သူ အရပ်သားကိုယ်စားလှယ်တစ်ဦးကတော့ အာဏာသိမ်းပြီးနောက် NCA ကို လက်တွေ့ လိုက်နာမှုမှာ ပြောစရာအဖြေမရှိဘူးလို့ ဆိုပါတယ်။

“အခု ၂၀၂၁ နောက်ပိုင်းအခင်းအကျင်းပြီးမှ ၂၀၂၁ အပေါ်မှာ အရပ်သားတစ်ယောက်အနေနဲ့ ကျွန်မလည်း ဘာကိုမှအဖြေမပေးနိုင်ဘူး။ လက်ရှိ စီမံအုပ်ချုပ်တဲ့သူတွေက ဒီ NCA အရ အသုံးချမှုကို လက်တွေ့လက်ရှောင်မှုကို ကျွန်မတို့ကိုယ်တိုင် တစ်ခါတစ်လေကျ ပြောလို့မရဘူးဖြစ်နေတယ်။ လိုက်နာမှုအပိုင်းကိုတော့ ပြောစရာအဖြေကို မရှိတော့ဘူး”လို့ သူက ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဟာ ဒီမိုကရေစီအစိုးရနှစ်ဆက် ဖော်ဆောင်ခဲ့တဲ့ NCA စာချုပ်ကို လိုက်နာစေရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။

ဒါပေမယ့် ၂၀၂၁ နောက်ပိုင်းကစပြီး NCA မှာ ရှိတဲ့ သဘောတူညီချက်တွေအတိုင်း လုပ်ငန်းတွေအကုန်လုံးရပ်တန့်သွားခဲ့ပြီး NCA အသက်မဝင်တော့ဘူးဆိုတာ ပကတိအရှိတရားဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“၂၀၂၁ ကနေစပြီး ကျွန်တော်တို့က NCA ထဲမှာပါတဲ့ သဘောတူညီချက်တွေအတိုင်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးဆွေးနွေးမှုကိစ္စရပ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဆိုလိုချင်တာတော့ NCA မှာရှိတဲ့ ယန္တရားတွေပေါ့။ JMC၊ UPDJC၊ JICM တို့လို အကုန်လုံး ရပ်တန့်သွားတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ရပ်တန့်သွားတယ်။ ဆိုတော့က NCA ပျက်ခြင်း၊ မပျက်ခြင်းဆိုတာ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ အမြင်ရှုထောင့်မှာပဲ မူတည်နေလိမ့်မယ်။ သေချာတာတစ်ခုက တော့ ၂၀၂၁ နောက်ပိုင်းကနေစပြီး NCA မှာလုပ်နေတဲ့ လုပ်ငန်းတွေအကုန်လုံး ရပ်တန့်သွားတယ်၊ NCA အသက်မဝင်တော့ဘူးဆိုတာကိုတော့ လက်တွေ့ပကတိအရှိတရားပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကတော့ NCA စာချုပ်မှာပါတဲ့ အခန်း ၁ အခြေခံမူကို စစ်တပ်က နင်းချေဖျက်ဆီးလိုက်တာကြောင့် NCA စာချုပ်မရှိတော့တဲ့အ တွက် KNU အနေနဲ့ လိုက်နာစရာအကြောင်းမရှိတော့ဘူးလို့ ထုတ်ပြောထားပါတယ်။

NCA စာချုပ်ပါ အခန်း ၁ အခြေခံမူမှာတော့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်းတာ မလုပ်ဖို့နဲ့ လူထုတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနဲ့ လူထုရဲ့ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၁၁ ချက် ပါဝင်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက် အပစ်ရပ် NCA စာချုပ်ကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လက်မခံတော့ပေမယ့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ EAO တွေကတော့ NCA စာချုပ်ကို ဆက်လက်လက်ခံထားတာပါ။

တဖက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)က NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စာချုပ်ပါ အချုပ်အလက်တွေကို လိုက်နာကြဖို့ မကြာခဏသတိပေး အကြောင်းကြားစာ ပေးပို့တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Bud- 4

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.