မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မဲဆောက်မြို့နယ်၊ မယ်ပဂိတ်တွင် အသီးအရွက် ကုန်တင်ကား၁စီးကို ဖယ်ရှားစစ်ဆေးရာမှ PDF ပဒက်(၅၂)ဦး ဖမ်းဆီးရမိ“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဩဂုတ်(၄ )ရက်နေ့မှာ စစ်တပ်အကောင့်တုတွေ ဖြစ်တဲ့ KYAW SWAR ဟန်ငြိမ်းဉီး၊ တပ်ကြပ်ကြီးဖိုးစီစတဲ့ အွန်လိုင်းမှာဝါဒဖြန့်သူတွေက ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကိုသွားမယ့် ကုန်စိမ်းတွေတင်လာတဲ့ ၆ ဘီးကားတစီးပေါ်မှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရသူတွေဟာ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေသာဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေသလို PDFတွေ မဟုတ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဘန်ကောက်မှာ အလုပ်ရမယ်လို့ လူကုန်ကူးပွဲစားတွေက မက်လုံးပေးခေါ်ဆောင်တာကို ယုံကြည်ပြီး လိုက်ပါလာတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အထောက် အထားမဲ့ မြန်မာ( ၅၂) ယောက်ကို လူကုန်ကူးခေါ်ဆောင်လာတဲ့ ပွဲစားတွေကို ဖမ်းမိနိုင်ဖို့ ကြိုးစားရှာဖွေနေတယ်လို့ မဲဆောက်က ရဲအရာရှိတွေက ပြောကြားထားတာကို VOAသတင်းဌာနမှာ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

VOAသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/lwGYZ

Migrant time သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/pqAJP

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မဲဆောက်မြို့နယ်၊ မယ်ပဂိတ်တွင်အသီးအရွက် ကုန်တင်ကား၁စီးကို ဖယ်ရှားစစ်ဆေးရာမှ PDFပဒက်(၅၂)ဦး ဖမ်းဆီးရမိ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.