ရေး၊ သြဂုတ်(၁၀)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်မှာ သြဂုတ် ၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း ရာအိမ်မှူးအပါအဝင် ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်မှာ အစင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်အဖွဲ့တွေရှိနေချိန် သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်အချက် ၂၀ နီးပါး ပစ်ခတ်ခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုကြောင့် အသက် ၆၇ နှစ်အရွယ် ရာအိမ်မှူးဦးယဉ်ဝေနဲ့ အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းတို့ ၂ ဦး အခင်းဖြစ်ရာနေရာမှာပဲ ကျည်ထိမှန်သေဆုံးခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း လက်ဖက်ရည်ဆိုင်ကနေထပြေးတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ကိုဝင်းထိုက်နဲ့ ဒေသခံတွေဖြစ်တဲ့ ကိုမျိုးထွန်း၊ ကိုလတ်တို့ ၃ ဦး ကျည်ထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျည်ထိမှန်ဒဏ်ရာရှိခဲ့တဲ့သူတွေကို ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အဲဒီထဲကတစ်ဦးဟာ ဆေးရုံမှာထပ်မံသေဆုံးသွားတယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးသလို ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အစင်ကျေးရွာကို လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရပြီး ပြည်သူ့စစ် ၂ ဦးနဲ့ အရပ်သား လူငယ် ၁ ဦး သေဆုံးထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသ တစ်ခုဖြစ်ပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီဘက် လုံခြုံရေးအထူးတင်းကျပ်ထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.