လောင်းလုံး၊ သြဂုတ်(၉)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ သြဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ၃၅ နှစ်ပြည့် ၈၈၈၈ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုလာစစ်တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။
အဲဒီနေ့မနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့ပေါ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးအနီးရှိ ညောင်ပင်ကြီးလမ်းဆုံမှာ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ပကဖနဲ့ DDT တပ်ခွဲ(၃) ပူးပေါင်းတပ်ဖွဲ့က လမ်းမထက် ရှစ်လေးလုံးစာရေးပြီး ကားတာယာအဟောင်းတွေကို မီးရှို့ခဲ့တာပါ။
အဲဒီဖြစ်စဉ်အပေါ် လောင်းလုံးမြို့ပေါ်ကနေ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ် ကား ၂ စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲပစ်ခတ်မှုဖြစ်စဉ်ကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် မြေပြင်အခြေအနေ အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အခုပစ်ခတ်မှုဖြစ်စဉ်ဟာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကသာ လုပ်ဆောင်နေတာဖြစ်ပြီး မိဘပြည်သူတွေအပါအဝင် သပိတ်အဖွဲ့တွေနဲ့ လုံးဝမသက်ဆိုင်ကြောင်း ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် စစ်ကောင်စီတပ်က စစ်ကူထပ်မံရောက်ရှိလာပြီး လမ်းသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာအပြင် သေနတ်ရမ်းသမ်းပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF